တောင်တွင်းကြီး စက်တင်ဘာ ၂၃
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ် ခေတ်မီစံပြကံလှကန်ကျေးရွာရှိ ဘက်စုံသုံးခန်းမ၌ ယမန်နေ့နေ့လယ်ပိုင်းက တောင်တွင်းကြီးမြို့နယ်ရှိ ဌာနဆိုင်ရာများနှင့် ဒေသခံပြည်သူများ တွေ့ဆုံပွဲ ကျင်းပခဲ့သည်။
အဆိုပါ တွေ့ဆုံပွဲတွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးခုတ်မွန်းလျန်က ခေတ်မီစံပြကျေးရွာတစ်ခုဖြစ်သည့် ကံလှကန်ကျေးရွာ၌ ကျေးလက်ဒေသဖွံ့ဖြိုးရေးအတွက် လုပ်ဆောင်ပြီးလုပ်ငန်းများနှင့် ဆက်လက်လုပ်ဆောင်မည့် လုပ်ငန်းစဥ်များအားရှင်းလင်းခြင်း၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ တာဝန်ခံ ဦးသူရမောင်မောင်က ပလတ်စတစ်သုံးစွဲမှုလျှော့ချရေး အသိပညာပေးခြင်းနှင့် လက်ကမ်းစာစောင်များဖြန့်ဝေခြင်း၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ဒေါက်တာအောင်ဇင်ဖြိုးက ခွေးရူးပြန်လက္ခဏာများ၊ ခွေးရူးရောဂါကူးစက်နိုင်သည့်နည်းလမ်းများ၊ ခွေးရူးပြန်ရောဂါမဖြစ်စေရေး ကာကွယ်ရမည့်နည်းလမ်းများ၊ ခွေးရူးရောဂါကာကွယ်ဆေး မဖြစ်မနေထိုးရမည့်အခြေအနေများအား အသိပညာပေးဆွေးနွေးဟောပြောခြင်း၊ မီးသတ်ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးစောမောင်က မီးဘေးအန္တရာယ်အကြောင်းနှင့် ကိုင်တွယ်ပုံ၊ သုံးစွဲပုံများအား အသိပညာပေးဆွေးနွေးပြောကြားခြင်း၊ သမဝါယမဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်ဂျူလိုင်မိုးက သမချေးငွေများနှင့်ပတ်သက်၍ အသိပညာပေးဆွေးနွေးပြောကြားခြင်း၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်သင်းသင်းမြတ်က လူငယ်လူရွယ်များ စာပေလေ့လာဖတ်ရှုရန်လိုအပ်ကြောင်း၊ ကျောင်းစာကြည့်တိုက်များနှင့် ခေတ်မီစံပြကျေးရွာဖြစ်သည့်နှင့်အညီ ကျေးရွာစာကြည့်တိုက်များ ပေါ်ထွန်းလာစေရေး ကြိုးစားဆောင်ရွက်သွားကြရန် ဆွေးနွေးဟောပြောခြင်း၊ စိုက်ပျိုးရေးဦးစီးဌာနမှ လက်ထောက်ဦးစီးမှူး ဦးမြင့်ဇော်ထွန်းက စိုက်ပျိုးနည်းစနစ်များအကြောင်း အသိပညာပေးဆွေးနွေးပြောကြားခဲ့ပြီး ဒေသခံပြည်သူများက မေးမြန်းမှုများအား သက်ဆိုင်ရာကဏ္ဍအလိုက် တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့သည်။
နောင်နောင် (ဗိဿနိုးမြေ)