ဘိုကလေး စက်တင်ဘာ ၂၃
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်အတွင်းမှ အခြေခံပညာကျောင်းများသို့ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ယနေ့နံနက်(၉)နာရီ၌ စတင်ကွင်းဆင်း၍ ကျောင်းသား၊ ကျောင်းသူများအား သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေးနှင့် ဆုံဆို့နာကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ကာကွယ်ဆေးများ ထိုးနှံပေးရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာရဲဝင်းထွန်းနှင့်ဝန်ထမ်းများက အခြေခံပညာကျောင်းများရှိ အသက်(၉)နှစ်ပြည့်ပြီး (၁၂)နှစ် မကျော်သော မိန်းကလေးငယ်များအား သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး (HPV) ထိုးနှံပေးခြင်း၊ ကျောင်းသား/သူများအား ဆုံဆို့နာရောဂါကာကွယ်ဆေးများ ထိုးနှံပေးခြင်းတို့ ဆောင်ရွက်ပေးပြီးဆေးထိုးနှံမှု အခြေအနေများအား မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေး ကော်မတီဥက္ကဋ္ဌ၊ ဦးဇော်ဝင်းလှိုင်နှင့်ကော်မတီဝင်များ လှည့်လည်ကြည့်ရှုအားပေးခဲ့ကြောင်းနှင့် ဆေးထိုးနှံခြင်း လုပ်ငန်းစဉ်အား ယနေ့မှစတင်၍ စက်တင်ဘာ(၂၅)ရက်နေ့ အထိ (၃)ရက်တာ ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။
မိုးစက်(ဘိုကလေး)