ကြံခင်း စက်တင်ဘာ ၂၃
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ကလေးငယ်များ ဆုံစို့၊ ကြက်ညှာကာကွယ်ဆေး အပိုဆောင်းထိုးနှံခြင်းကို ယမန်နေ့နံနက် ၉ နာရီခွဲ အချိန်စ၍ ကြံခင်းမြို့မြို့ပေါ်ရပ်ကွက်များရှိ အခြေခံပညာမူလတန်းကျောင်းများတွင် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်ကျန်းမာရေးမှူးများ ကြီးကြပ်မှုဖြင့် သက်ဆိုင်ရာနယ်မြေ တာဝန်ကျ သားဖွားဆရာမများက အခြေခံပညာမူလတန်းကျောင်းများရှိ အသက် (၅) KG ကျောင်းသား၊ ကျောင်းသူများအား DT ဆုံစို့၊ ကြက်ညှာကာကွယ်ဆေး ထပ်ဆောင်းထိုးနှံပေးခြင်း၊ အသက် ၉ နှစ်မှ ၁၀ နှစ်အတွင်း ကျောင်းသူများကို HPV သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေးများကို ထိုးနှံပေးလျက်ရှိရာ အခြေခံပညာမူလတန်းကျောင်းများမှ ကျောင်းအုပ်ကြီးများနှင့် အတန်းပိုင်ဆရာမများက အမည်စာရင်းရေးသွင်းခြင်း ကိုယ်အပူချိန်တိုင်းပေးခြင်းတို့ကို ကူညီ ဆောင်ရွက် ပေးကြသည်။
အဆိုပါ အပိုဆောင်းကာကွယ်ဆေးထိုးနှံခြင်းကို စက်တင်ဘာ ၂၂ ရက်မှ စက်တင်ဘာ ၂၅ ရက်နေ့ထိ ထိုးနှံပေးသွားမည်ဖြစ်ရာ မူလွန်မြို့မတောင်ကျောင်း၊ အ.မ.က(အင်းလပ်အနောက်)၊ အ.ထ.က-၂၊ အ.မ.က(ရွာသစ်တောင်)ကျောင်း၊ အ.မ.က(ချောင်းဂွ)ကျောင်း၊ အ.ထ.က(ဆိတ်သာ)နှင့် အ.ထ.က (ရေနံတောင်)ကျောင်းတို့ တွင် KG ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ၃၂၀ ဦးအား လည်းကောင်း၊ HPV သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေးအား အသက် ၉နှစ်မှ ၁၀ နှစ် အတွင်း ကျောင်းသူ ၁၃၇ ဦးတို့အား စက်တင်ဘာလ ၂၂ ရက်နေ့ညနေပိုင်းအထိထိုးနှံပေးခဲ့ပြီး ကျန်ရှိ အခြေခံပညာ ကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများအား ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
ဖြိုးဝေလင်း