တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် ပင်စင်လာရောက်ထုတ်ယူကြသည့် ပင်စင်စားနိုင်ငံ့ဝန်ထမ်းများအား ဆန်နှင့်ဆီများ ထောက်ပံ့ပေးအပ်

ရေကြည် စက်တင်ဘာ ၂၃

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ရေကြည်မြို့နယ် မြန်မာ့စီးပွားရေးဘဏ်၌ ပင်စင်လာရောက်ထုတ်ယူသည့် ပင်စင်စားနိုင်ငံ့ဝန်ထမ်းများအား တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့်အတူ ယနေ့နံနက်ပိုင်းက ဆန်နှင့်ဆီများ သွားရောက်ထောက်ပံ့ပေးအပ်ခဲ့သည်။

ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်သည် ရေကြည်မြို့နယ်မြန်မာ့စီးပွားရေးဘဏ်ခွဲတွင် ပင်စင်လာရောက်ထုတ်ယူသည့် ပင်စင်စားနိုင်ငံ့ဝန်ထမ်းများအား ရင်းရင်းနှီးနှီးတွေ့ဆုံ၍ အားပေးစကားများပြောကြားခဲ့ပြီး ပင်စင်စားတစ်ဦးလျှင် ဆန်(၁)ပြည်၊ ဆီ(၅၀)ကျပ်သားနှင့်ငွေကျပ် (၁) သောင်းအား ထောက်ပံ့ပေးအပ်ခဲ့သည်။ ထို့နောက် ရေကြည်မြို့နယ် မြန်မာ့စီးပွားရေးဘဏ်တာဝန်ရှိသူများက အငြိမ်းစားဝန်ထမ်းများအား ပင်စင်လစာထုတ်ပေးနေမှု အခြေအနေများအား ရှင်းလင်းတင်ပြခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်သည် ပင်စင်လာရောက်ထုတ်ယူသည့် အငြိမ်းစားဝန်ထမ်းများအား မြို့နယ်ကျန်းမာရေးဦးစီးဌာနမှအခမဲ့ ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်ပေးနေမှုများကို ကြည့်ရှုအားပေးခဲ့သည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်သည် အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့်အတူ ရေကြည်မြို့နယ် ပြည်သူ့ဆေးရုံသို့သွားရောက်၍ ဆေးသိုလှောင်ခန်း၊ ဓာတ်မှန်ခန်း၊ ခွဲစိတ်ခန်းများအား လှည့်လည်ကြည့်ရှုစစ်‌ဆေးခဲ့ပြီးလိုအပ်သည်များကို မှာကြားခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)