တောင်တွင်းကြီး စက်တင်ဘာ ၂၃
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ်တွင် ကျောင်းစာအပြင် ပြင်ပဗဟုသုတရှာဖွေရန် စိတ်ဝင်စားသည့် ကျောင်းသား/သူများအနေဖြင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှဖွင့်လှစ်ထားသည့် ပြည်သူ့စာကြည့်တိုက် ကလေးစာဖတ်ခန်းသို့လာရောက်၍ စာအုပ်စာစောင်များ လေ့လာဖတ်ရှုကြကြောင်း သိရသည်။
စာကြည့်တိုက်တွင် သုတ/ရသစာအုပ်များ၊ ကလေးများအကြိုက် ရုပ်ပြကာတွန်းများ၊ ပုံပြင်များ၊ တေဇ၊ မိုးသောက်ပန်း၊ ရွှေသွေး၊ Happy Time၊ တိုင်းရင်းသားရိုးရာ ရုပ်ပြပုံပြင်များ၊ ဉာဏ်စမ်းပဟေဠိစာအုပ်များ စသည့် စာအုပ်စာစောင်များအပြင် ကလေးများအကြိုက် ပြိုင်ပွဲအစီအစဉ်များ ပြုလုပ်ပေးကာ အမှတ်တရဆုလက်ဆောင်များ ချီးမြှင့်ပေးကြောင်း၊ ကလေးများအတွက် ကလေးစာပေဖတ်ရှုခြင်းအပြင် စာကြည့်တိုက်ကို ဗဟုသုတရှာဖွေရာနေရာတစ်ခုအဖြစ် ဖွင့်လှစ်ထားရှိသည့်အပြင် ဟောပြောပွဲများ၊ ဆွေးနွေးပွဲများ၊ Talk Show များပြုလုပ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
တောင်တွင်းကြီးမြို့နယ် ပြည်သူ့စာကြည့်တိုက်အတွင်းရှိ ကလေးစာဖတ်ခန်းကို သီးသန့်ဆောင်ရွက်ထားပြီး ကလေးများအကြိုက်၊ ပုံပြင်ပြောပြခြင်း၊ ဆေးရောင်ခြယ်ခြင်း၊ အရုပ်ဆက်ခြင်၊ စကားပုံဆက်ခြင်း၊ စက္ကူအရုပ်ခေါက်ပြိုင်ပွဲ၊ စာဖတ်စွမ်းရည် စသည့် ပြိုင်ပွဲများကို လစဉ်ပြုလုပ်ပေးလျက်ရှိကြောင်း သိရသည်။
နောင်နောင် (ဗိဿနိုးမြေ)