လွိုင်ကော် စက်တင်ဘာ ၂၃
ကယားပြည်နယ်အစိုးရအဖွဲ့၏ ခွင့်ပြုရန်ပုံငွေဖြင့် မိသားစုဝင်ငွေတိုးရေးစီမံကိန်းပါ အမျိုးသမီးများအတွက် ဝင်ငွေတိုးတက်ရေးစီးမံကိန်းဖြင့် စက်ချုပ်နည်းပညာသင်တန်းဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက ကယားပြည်နယ် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန တင်တန်းခန်းမ၌ ကျင်းပရာ ကယားပြည်နယ်အစိုးရအဖွဲ့ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်မျိုးသန်း၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ တာဝန်ရှိသူများ၊ သင်တန်းနည်းပြများနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်သည်။
အခမ်းအနားတွင် ကယားပြည်နယ်အစိုးရအဖွဲ့ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်မျိုးသန်းက ပြည်နယ်အစိုးရရန်ပုံငွေဖြင့် အမျိုးသမီးများ ဝင်ငွေတိုးတက်ရေးအတွက် အဓိကဦးစားပေးအသက်မွေးသင်တန်းများကို ဖွင့်လှစ်ပေးခြင်းဖြစ်ပြီး လုပ်ငန်းတည်ထောင်နိုင်ရေးအတွက်လည်း ကူညီဆောင်ရွက်ပေးလျက်ရှိပါကြောင်း.၊ သင်တန်းသားများအနေဖြင့် နည်းပြဆရာများ၏ သင်ကြားပို့ချမှုများကို ဂရုစိုက်မှတ်သား၍ ထူးချွန်သည့် သင်တန်းသားများမှတစ်ဆင့် ဈေးကွက်ဝင် ခေတ်မီအမျိုးသမီး၊ အမျိုးသားအဝတ်အထည်များ တီထွင်ဖန်တီးချုပ်လုပ်နိုင်သည့် လုပ်ငန်းရှင်များဖြစ်လာသည်အထိ ကြိုးစားကြစေလိုကြောင်း ပြောကြားပြီး တက်ရောက်လာသည့် သင်တန်းသား သင်တန်းသူများအား ရင်းရင်းနှီးနှီး နှုတ်ဆက်စကားပြောကြားသည်။
အဆိုပါအခြေခံနှင့် မွမ်းမံစက်ချုပ်နည်းပညာသင်တန်းတွင် ဆောင်ဒါးရက်ကန်းနှင့် အသက်မွေးပညာသိပ္ပံ(အမရပူရ)မှ ကျွမ်းကျင်နည်းပြများက ပုံစံ ၁၄ မျိုးဖြင့် သင်တန်းသား၊ သင်တန်းသူ ၁၅ ဦးအား သင်တန်းကာလ ၄၅ ရက်ကြာ စာတွေ့လက်တွေ့ သင်ကြားပို့ချပေးမည်ဖြစ်ကြောင်း သိရသည်။
ပြည်နယ် (ပြန်/ဆက်)