သရက်ချောင်းမြို့နယ်၌ မိုးစပါး ၂၆၀၁၆ ဧက စိုက်ပျိုးပြီးစီး

သရက်ချောင်း စက်တင်ဘာ ၂၃

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၌ ၂၀၂၅-၂၀၂၆ ခုနှစ်၊ မိုးစပါးစိုက်ပျိုးရာသီတွင် မိုးစပါး ၂၆၀၁၆ ဧကစိုက်ပျိုးနိုင်ရေးလျာထားခဲ့ရာ ဩဂုတ်လကုန်တွင် မိုးစပါး ၂၆၀၁၆ ဧကအား ရာနှုန်းပြည့်စိုက်ပျိုးပြီးစီပြီဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးဇော်မင်းကပြောသည်။

သရက်ချောင်းမြို့နယ်တွင် ယခုနှစ်မိုးစပါးကို ဇွန်လနောက်ဆုံးအပတ်မှစ၍ စိုက်ပျိုးခဲ့ပြီး ဩဂုတ်လကုန်တွင် လျာထားဧကအတိုင်း ရာနှုန်းပြည့် စိုက်ပျိုးနိုင်ခဲ့သည်။ ယခုနှစ် မိုးစပါးရာသီတွင် သိပ္ပံနည်းကျစိုက်ပျိုးနည်းစနစ်များ၊ ယခင်နှစ်ကြဲခင်းနေရာများတွင် လက်ဆွဲအစေ့ချကိရိယာများဖြင့် စိုက်ပျိုးနည်းစနစ်များကို တောင်သူများ ပိုမိုတွင်ကျယ်စွာ ပြောင်းလဲစိုက်ပျိုးလာကြောင်းနှင့် ဩဂုတ်လကုန်တွင် မိုးစပါး ၂၆၀၁၆ ဧကအား စိုက်ပျိုးပြီးစီပြီဖြစ်ကြောင်း သိရသည်။

ယခုနှစ်မိုးစပါးတွင် တစ်ဧကအထွက်နှုန်းတိုးတက်ရေးအတွက် သိပ္ပံနည်းကျစိုက်ပျိုးနည်းများဖြင့် စိုက်ပျိုးခြင်း၊ ဒေသရေမြေရာသီဥတုနှင့် ကိုက်ညီသောအထွက်ကောင်းသောမျိုးပါးများ စိုက်ပျိုးခြင်း၊ ဓာတ်မြေဩဇာများကို အချိန်ကိုက်အချိုးကျ ထည့်သွင်းသုံးစွဲခြင်းနည်းလမ်းများကို မိုးစပါးမစိုက်ပျိုးမီ တောင်သူများအား နည်းပညာပေးသင်တန်းများ၊ ဆွေးနွေးပွဲများ ဆောင်ရွက်ထားပြီး ဌာနတွင်းဝန်ထမ်းများက အနီးကပ်ကြီးကြပ်ဆောင်ရွက်ပေးလျက်ရှိကြောင်းနှင့် စပါးမျိုးကွဲများအနေဖြင့် အောင်နိုင်တိုး၊ ဆင်းသုခ၊ GW-11၊ ဧရာမင်း၊ ကျော်ဇေယျ၊ ပေါ်ဆန်းရင်စပါးမျိုးများအား စိုက်ပျိုးထားပါကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဇော်မင်းထံမှ သိရသည်။

ပြည့်ဖြိုးပိုင်(ပြန်/ဆက်)