ပခုက္ကူ စက်တင်ဘာ ၂၃
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်အတွင်းရှိ ကျေးရွာများတွင် စိုက်ပျိုးထွက်ရှိသော ပဲစင်းငုံနီများ ပြည်တွင်းပြည်ပဝယ်ယူမှုများပြားခြင်းကြောင့် အရောင်းအဝယ်ဆက်လက်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။
ပခုက္ကူမြို့နယ်အတွင်းရှိ ချောက်ကန်၊ မန်ကျည်းကိုးပင်၊ အင်ပင်၊ ကန်လှ၊ ဒဟက်ချောက်၊ ကန်တိန်၊ ကန်ရပ်၊ သမင်အုပ် စသည့် ကျေးရွာများတွင် သက်ကြီး၊ သက်လတ်အမျိုးအစား ပဲစင်းငုံနီသီးနှံကို သီးထပ်သီးညှပ်အဖြစ် စိုက်ပျိုးလုပ်ကိုင်ကြပြီး တောင်သူလက်ကျန်များပြားခြင်းကြောင့် ဆက်လက်ရောင်းအားကောင်းလျက်ရှိကြောင်း၊ ပဲစင်းငုံနီမှာ ယခုနှစ်ဇန်နဝါရီလမှစတင်ပြီး နေ့စဉ်အိတ်ရေပေါင်း ၃၀၀ မှ ၁၂၀၀ အကြား ဝင်ရောက်ကာ ပြည်တွင်းပြည်ပဝယ်ယူမှုများပြားခြင်းကြောင့် လက်ရှိတွင် တစ်တင်းလျှင် ငွေကျပ် ၇၅၂၀၀ ဈေးနှုန်းဖြင့် အရောင်းအဝယ်ဖြစ်ထွန်းလျက်ရှိကြောင်း၊ ပဲစင်းငုံနီဈေးနှုန်းများအနေဖြင့် ဇူလိုင်လတွင် ၈၉၄၀၀၊ ဩဂုတ်လတွင် ၈၇၀၀၀၊ စက်တင်ဘာလ(ပထမပတ်)တွင် ၇၇၈၀၀ နှင့် လက်ရှိတွင် ၇၅၂၀၀ စသည့်ဖြင့် ဈေးနှုန်းအသီးသီးရှိပြီး နေ့စဉ်အရောင်းအဝယ်ဖြစ်ထွန်းလျက်ရှိကြောင်း၊ ဒေသတွင်းထွက်ရှိသည့် ပဲစင်းငုံသီးနှံများကို ရန်ကုန် (ဘုရင့်နောင်ပွဲရုံ)၊ ရန်ကုန်ရွှေပြည်သာအပြင် တရုတ်၊ အိန္ဒိယစသည့် ပြည်ပနိုင်ငံများထံလည်း တင်ပို့ရောင်းချရကြောင်း ပခုက္ကူကုန်စည်ဒိုင်မှ တာဝန်ရှိသူတစ်ဦးထံက သိရသည်။
ပခုက္ကူကုန်စည်ဒိုင်တွင် ပဲစင်းငုံနီသီးနှံအပြင် ကုလားပဲအမျိုးမျိုး၊ ပဲတီစိမ်း၊ မတ်ပဲ၊ ပဲဇီးကွက်၊ ပဲလွန်းပြာ၊ ပဲယင်းဝါနှင့် နှမ်းမျိုးစုံသီးနှံများလည်း နေ့စဉ်ဝင်ရောက်လာပြီး လက်ရှိအချိန်ထိ ဆက်လက်အရောင်းအဝယ်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။
ဘာမီသာ(ပခုက္ကူ)