မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် ပွင့်ဖြူမြို့နယ်၌ မိုးစပါးစိုက်ပျိုးတောင်သူများအတွက် မဲဇလီရေလွှဲဆည်မှ ဖြန့်ဝေသော တောင်မုန်းမြောင်းမကြီးတွင် ရေလှည့်စနစ်ဖြင့် စိုက်ပျိုးရေ ဖြန့်ဝေပေးမှု ကြည့်ရှုစစ်ဆေး

မကွေး စက်တင်ဘာ ၂၃

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင်သည် အဖွဲ့ဝင်ဝန်ကြီးများနှင့်အတူ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများလိုက်ပါကာ စက်တင်ဘာလ ၂၁ ရက်နေ့ နံနက်ပိုင်းက ပွင့်ဖြူမြို့နယ် မိုးစပါးစိုက်ပျိုးတောင်သူများအတွက် မဲဇလီရေလွှဲဆည်မှ ဖြန့်ဝေသော တောင်မုန်းမြောင်းမကြီးတွင် ရေလှည့်စနစ်ဖြင့် စိုက်ပျိုးရေဖြန့်ဝေပေးမှုအခြေအနေအား ကြည့်ရှုစစ်ဆေးခဲ့သည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်နှင့် တာဝန်ရှိသူများသည် တောင်မုန်းမြောင်းမကြီးသို့ရောက်ရှိစဉ် တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ တာဝန်ရှိသူများမှ မဲဇလီရေလွှဲဆည်ရေသောက်ဧရိယာအတွင်းရှိ ဒေသခံတောင်သူများ မိုးစပါးသီးနှံ အဆင်ပြေစွာ စိုက်ပျိုးနိုင်ရေးဖြန့်ဝေပေးမှု၊ မိုးစပါးစိုက်ပျိုးရန်အတွက် တောင်မုန်းမြောင်းမကြီးနှင့် မြောက်မုန်းမြောင်းမကြီးများမှ မင်းဘူး၊ ပွင့်ဖြူနှင့် စလင်းမြို့နယ်များသို့ ရေပေးဝေမှု ပိုမိုထိရောက်စေရန်အတွက် တောင်မုန်း၊ မြောက်မုန်းမြောင်းမကြီးများတွင် ရေလှည့်စနစ်ကျင့်သုံးလျက် ရေပေးဝေဆောင်ရွက်မှုနှင့် (၂၀၂၅-၂၀၂၆)ခုနှစ် မိုးစပါးရေပေးဝေမှုအနေဖြင့် မြောက်မုန်းမြောင်းမကြီး (သာဂရ)အောက်ပိုင်းတွင် ရေလှည့် (၄)ရက်၊ မြောက်မုန်းမြောင်းမကြီး(သာဂရ)အထက်ပိုင်း (၃)ရက်ဖြင့်လည်းကောင်း ရေပေးဝေလျက်ရှိပြီး တောင်မုန်းမြောင်းမကြီး ရေပေးဝေမှုတွင် လက်တံ (၂၊ ၄၊ ၁၃၊ ၁၄၊ ၁၅)တွင် (၅)ရက်၊ လက်တံ (၇၊ ၈)တွင် (၃)ရက်၊ လက်တံ (၄-က)(၉၊ ၁၁)တွင် (၃)ရက်၊ လက်တံ (၆)တွင် (၃)ရက်ဖြင့်လည်းကောင်း ဆည်ရေကို အဆင်ပြေချောမွေ့စွာပေးဝေမှုအခြေအနေများနှင့်ပတ်သက်၍ ရှင်လင်းတင်ပြခဲ့သည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနအနေဖြင့် မဲဇလီဆည်ရေသောက်ဧရိယာအတွင်း၌ ဆည်ရေစနစ်ကျစီမံခန့်ခွဲတတ်သည့် အလေ့အကျင့်ကောင်းများရရှိစေရန် လယ်လုပ်ငန်းခွင်မစတင်မီ ကြိုတင်ဆောင်ရွက်တတ်စေရန်အတွက် လက်တံမြောင်း၊ လယ်ကြားမြောင်းများ တူးဖော်ရေးနှင့် ရေစီးရေလာကောင်းမွန်စေရန် ပေါင်းမြက်ရှင်းလင်းရေး၊ ရေမြောင်းပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများကို တောင်သူအသိပညာပေးခြင်းအစီအစဉ်များဖြင့်  သီးနှံစိုက်ပျိုးမှု ရာသီချိန်အလိုက် အလေးထားဆောင်ရွက်ကြရန်နှင့် မဲဇလီဆည်ရေသောက်ဧရိယာအတွင်းရှိ ဒေသခံတောင်သူများအနေဖြင့်လည်း  ဆည်ရေအလေအလွင့်ဆုံးရှုံးမှုများပြားသည့် မိရိုးဖလာ(ကွက်ဆင့်သောက်)ရေသွင်းစနစ်အားမကျင့်သုံးဘဲ လယ်ကြားမြောင်းများ တူးဖော်ဆောင်ရွက်ခြင်းဖြင့် ဆည်ရေကို လိုအပ်သောအချိန် လိုအပ်သောနေရာ၌ စနစ်တကျရယူသုံးစွဲနိုင်မည်ဖြစ်ပြီး ဆည်ရေပေးဝေမှုကို စနစ်တကျအလှည့်ကျစနစ်ဖြင့်  ဆည်ရေရယူရန် လယ်ကြားမြောင်းများအား ကျေးရွာအလိုက် ရေအသုံးချသူများအဖွဲ့ (WUG)များ ဖွဲ့စည်းပြီး သက်ဆိုင် ရာဌာန၊ တောင်သူ အကျိုးဆောင်အဖွဲ့အစည်းများ ပူးပေါင်း၍ အကောင်အထည်ဖော်မည်ဆိုပါက စိုက်ပျိုးရေကို ထိရောက်အကျိုးရှိစွာ ရယူသုံးစွဲနိုင်မည်ဖြစ်ကြောင်း လမ်းညွှန်မှာကြားခဲ့သည်။

အဆိုပါ မဲဇလီရေသောက်စနစ်တွင် တူးမြောင်းမကြီး (၂)မြောင်းရှိပြီး မဲဇလီဆည်ရေဖြင့် (၂၀၂၅-၂၀၂၆)ခုနှစ် မိုးစပါးစိုက်ပျိုးရန်အတွက် တောင်မုန်းမြောင်းမကြီးနှင့် မြောက်မုန်းမြောင်းမကြီးများမှ မင်းဘူး၊ ပွင့်ဖြူနှင့် စလင်းမြို့နယ်များသို့ ရေပေးဝေမှုပိုမိုထိရောက်စေရန်အတွက် ရေလှည့်စနစ်ကျင့်သုံး၍ ရေပေးဝေဆောင်ရွက်လျက်ရှိပြီး မိုးစပါးစိုက်ပျိုးပြီးစီးမှုအနေဖြင့် တောင်မုန်းမြောင်းမကြီးမှ (ပွင့်ဖြူ၊ မင်းဘူး)မြို့နယ်များတွင် ၃၄၉၁၉ ဧကနှင့် မြောက်မုန်းမြောင်းမကြီး (ပွင့်ဖြူ၊ စလင်း) မြို့နယ်များတွင် ၃၉၈၉၅ ဧက စုစုပေါင်း ၇၄၈၁၄ ဧကအား စိုက်ပျိုးဆောင်ရွက်ပြီးဖြစ်ကြောင်း ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန၊ တာဝန်ရှိသူထံမှ သိရသည်။

မောင်ညီညာ