ချောင်းသာမြို့၊ ရွှေသာယာမြို့မဈေးရှိ စတိုးဆိုင်များ၊ ကုန်စုံဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း လုပ်ငန်းများဆောင်ရွက်

ချောင်းသာ စက်တင်ဘာ ၂၃

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ချောင်းသာမြို့၊ ရွှေသာယာမြို့မဈေးတွင် ယမန်နေ့နံနက်ပိုင်းက စတိုးဆိုင်များ၊ ကုန်စုံဆိုင်များတွင် တိုင်းဒေသကြီး အစားအသောက်နှင့် ဆေးဝါးကွက်ကဲရေးဦးစီးဌာန(FDA)မှ ဦးဆောင်၍ ချောင်းသာမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့နှင့် ရဲတပ်ဖွဲ့ဝင်များပူးပေါင်းကာ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် ပူးပေါင်းအဖွဲ့သည် ရွှေသာယာမြို့မဈေးအတွင်းရှိ စတိုးဆိုင်များ၊ ကုန်စုံဆိုင်များတွင် အစားအသောက်နှင့် ဆေးဝါးကွက်ကဲရေးဦးစီးဌာန(FDA)၏ ထောက်ခံချက်မရှိဘဲ ဈေးကွက်အတွင်း တရားမဝင်အတုအပကုန်ပစ္စည်းများ ရောင်းချခြင်းမှုရှိ/မရှိ၊ သတ်မှတ်ဈေးနှုန်းထက် ကျော်လွန်ရောင်းချမှု ရှိ/မရှိ၊ စားသောက်ဆိုင်များတွင် တာရှည်ခံဆေးဝါးများ အသုံးပြုမှု ရှိ/ မရှိ၊ စတိုးဆိုင်များတွင် ရောင်းချလျက်ရှိသော ကုန်ပစ္စည်းများ၌ ကုန်အညွှန်း တံဆိပ်ပါ/မပါနှင့်တားမြစ်အချိုရည်များ ရောင်းချမှု ရှိ/မရှိ စစ်ဆေးကြပြီး စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းစေရေး၊ ထုတ်ကုန်များကုန်အညွှန်းတံဆိပ်များ ပြည့်စုံစွာပါရှိစေရေး၊ ကုန်စည်များ ဝယ်ယူရောင်းချရာတွင် ကုန်အညွှန်းအမှတ်အသား ပြည့်စုံသော ကုန်စည်များနှင့် အစားအသောက်နှင့် ဆေးဝါးကွက်ကဲရေးဦးစီးဌာန (FDA) ၏ ထောက်ခံချက်ပါရှိ‌သော ကုန်ပစ္စည်းများကိုသာ ရောင်းချကြရန် အရောင်းဆိုင်များနှင့် လုပ်ငန်းရှင်များအား ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။

ကျော်ဟိန်း