ထားဝယ် စက်တင်ဘာ ၂၃
၂၀၂၅-၂၀၂၆ ပညာသင်နှစ် တနင်္သာရီတိုင်းဒေသကြီးအဆင့်အသက်(၁၈)နှစ်အောက် အခြေခံပညာ ကျောင်းသားအားကစား ပြိုင်ပွဲဖွင့်ပွဲအခမ်းအနားကို စက်တင်ဘာ ၂၂ ရက် ညနေပိုင်း က ထားဝယ်မြို့ ရွှေဝယ်သီရိအားကစားကွင်း၌ ကျင်းပသည်။
ပြိုင်ပွဲတွင်တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကိုက ကနေ့ကျင်းပသည့် တိုင်းဒေသကြီးအဆင့် အသက်(၁၈)နှစ်အောက် အခြေခံပညာကျောင်းသားအားကစားပြိုင်ပွဲသည် ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ(၂၀)ရက်မှ (၂၉) ရက်ထိ ဘရူနိုင်းနိုင်ငံတွင် ကျင်းပမည့်(၁၄)ကြိမ်မြောက် အာဆီယံကျောင်းသားအားကစားပွဲတော် သွားရောက်ပါဝင်ယှဉ်ပြိုင်နိုင်ရန်အတွက် တိုင်းဒေသကြီး လက်ရွေးစင်များရွေးချယ်နိုင်ရန် ကျင်းပခြင်းဖြစ်သလို နိုင်ငံတော်ကအားထားရသော ထူးချွန်ထက်မြက်သည့် မျိုးဆက်သစ်လက်ရွေးစင်အားကစားမောင်မယ်များ ပေါ်ထွက်လာရေးမျှော်မှန်းပြီး ကျင်းပဆောင်ရွက်ပေးသည့် ပွဲတစ်ပွဲဖြစ်ကြောင်း၊ ၂၀၂၃ - ၂၀၂၄ ပညာသင်နှစ်တွင် တနင်္သာရီတိုင်းဒေသကြီးအနေဖြင့် ရွှေတံဆိပ်(၈)ခု၊ ငွေတံဆိပ် (၆)ခု၊ ကြေးတံဆိပ်(၄)ခုနှင့် အမျိုးသမီးဘော်လီဘောရွှေတံဆိပ်ဆုဆွတ်ခူးရရှိခဲ့သည့်အတွက်တိုင်းဒေသကြီးတွင်ထူးချွန်အားကစားသမားများစွာရှိနေပြီး အားကစားကဏ္ဍ တိုးတက်မြင့်မားလာကြောင်း ကိုလည်းတွေ့ရှိရကြောင်း၊ ဒါကြောင့် တိုင်းဒေသကြီးအဆင့် အခြေခံပညာ ကျောင်းသားအားကစား ပြိုင်ပွဲမှ ထွက်ပေါ်လာမည့် ထူးချွန်ကစားသမားများကို စုစည်းလေ့ကျင့်ပြီး ဘရူနိုင်းနိုင်ငံ၌ ကျင်းပမည့်(၁၄)ကြိမ်မြောက် အာဆီယံကျောင်းသားအားကစားပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်နိုင်ရေးအတွက် အစွမ်းကုန် ကြိုးစားသွားကြရန်လိုပါအပ်ကြောင်း ပြောကြားသည်။
ဆက်လက်၍အမျိုးသားဘောလုံး ပြိုင်ပွဲတွင် ထားဝယ်အသင်းနှင့်ရေဖြူ အသင်းတို့၏ ယှဉ်ပြိုင်ကစားနေမှုကို တိုင်းဒေဿကြီး ဝန်ကြီးချုပ်၊ တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ်၊ တိုင်းဒေသကြီးဝန်ကြီးများ၊ ဌာနဆိုင်ရာများ၊ ဆရာ/ဆရာမများ၊ ကျောင်းသားကျောင်းသူများ၊ အားကစားဝါသနာရှငိများက ကြည့်ရှုအားပေးရာ ထားဝယ်အသင်းက (၁၅) ဂိုး-(၀)ဂိုးဖြင့် အနိုင်ရရှိသည်။
တနင်္သာရီတိုင်းဒေသကြီးအဆင့်အသက်(၁၈)နှစ်အောက် အခြေခံပညာ ကျောင်းသားအားကစား ပြိုင်ပွဲတွင်ဘောလုံး၊ ဘော်လီဘော၊ ပိုက်ကျော်ခြင်း၊ ပြေးခုန်ပစ်၊ ကြက်တောင်၊ စားပွဲတင်တင်းနစ်၊ ဘတ်စကတ်ဘောပြိုင်ပွဲများကို စက်တင်ဘာ ၁၉ ရက်မှ ၂၄ ရက်အထိ ယှဉ်ပြိုင်ကစား ကြမည်ဖြစ်ကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)