ပန်းတောင်း စက်တင်ဘာ ၁၉
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်တွင် သာသနာတော်သက္ကရာဇ် ၂၅၆၉ ခုနှစ်၊ ကောဇာသက္ကရာဇ် ၁၃၈၇ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၁၃ ရက်၊ ယနေ့မွန်းလွဲ (၁၃:၀၀)နာရီအချိန်က ပေါ်တော်မူ(နေရာဦး) မြတ်စွာဘုရားကြီးစွယ်တော်တိုက် စွယ်တော်စေတီတော်မြတ်တွင် ကိန်းဝပ်သတင်းသုံးသည့် ဗုဒ္ဓမြတ်စွယ်တော် ဖွင့်လှစ်ပင့်ဆောင်ပူဇော်ပွဲအခမ်းအနား ကျင်းပခဲ့ကြောင်း သိရသည်။
အခမ်းအနားကို နမောတဿသုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ဖွင့်လှစ်ခဲ့ပြီး နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင် မဟာသဒ္ဓမ္မဇောတိကဓဇ၊ ဖောင်းကန်ရပ်ကွက် အောင်မြေဘုံစျာန်ကျောင်းတိုက်ဆရာတော်ထံမှ ဧည့်ပရိတ်သတ်များက ငါးပါးသီလ ခံယူဆောက်တည်ခဲ့ကြသည်။
ထို့နောက် အောင်မြေဘုံစျာန်ကျောင်းတိုက်ဆရာတော်ဘုရားကြီးမှ ဦးဆောင်လျက် ဂေါပကအဖွဲ့များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်သူရနှင့် မြို့နယ်ဌာနဆိုင်ရာအကြီးအကဲများက မြတ်စွယ်တော်အား စွယ်တော်တိုက်မှဖွင့်လျက် ပင့်ဆောင်ပူဇော်ခဲ့ကြသည်။
၎င်းနောက် ပေါ်တော်မူမြတ်စွာဘုရားကြီးဂေါပကအဖွဲ့ နာယက ဆရာဦးတင်လှိုင်မှ ဗုဒ္ဓမြတ်စွယ်တော်သမိုင်းအကျဉ်းအား လျှောက်ထားတင်ပြခဲ့ပြီး ဝတ်အသင်းသူများမှ ဗုဒ္ဓမြတ်စွယ်တော် လေးဆူကန်တော့ချိုးဖြင့် ဘုရားကန်တော့ပူဇော်ခြင်းများ ပြုလုပ်ခဲ့ကြသည်။ ဆက်လက်၍ ဆရာတော်ကြီးများအား လှူဘွယ်ဝတ္ထုများ ဆက်ကပ်ကပ်လှူဒါန်းခဲ့ကာ အခမ်းအနားကို ဗုဒ္ဓသာသနံစိရံတိဋ္ဌတု (၃) ကြိမ်ရွတ်ဆို၍ အောင်မြင်စွာရုပ်သိမ်းခဲ့ကြသည်။
လပြည့်လင်း (ပြန်/ဆက)