ထားဝယ်ခရိုင် လူထုအခြေပြုဗဟိုဌာန၌စာဖတ်ရှိန်မြှင့်တင်ရေးအသိပညာပေး

ထားဝယ်         စက်တင်ဘာ ၂၂

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၌ ကျောင်းသား လူငယ်များ စာဖတ်သည့်အလေ့အထများ ဖြစ်ပေါ်လာစေရန်အတွက် စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲကို စက်တင်ဘာ ၂၂ ရက် နံနက်ပိုင်းက ခရိုင်လူ ထုအခြေပြုဗဟိုဌာန၌ ကျင်းပသည်။

ဟောပြောပွဲတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်အေးအေးမော်က နိုင်ငံတော်အနေဖြင့် စာဖတ်ရှိန်မြှင့်မားရေးအတွက် စာဖတ်ရှိန်မြှင့်တင်ရေး ပွဲတော်များကို နေရာအနှံ့တွင် ကျင်းပလျက်ရှိကြောင်း၊ လူငယ်လူရွယ်များအနေဖြင့်စာဖတ်သည့် အလေ့အကျင့်ကောင်းများ ရရှိလာနိုင်စေရေး၊ စာအုပ်စာပေ ဖတ်ရှုခြင်းဖြင့် အသိပညာဗဟုသုတများ ရရှိလာနိုင်စေရေး၊ ရရှိလာသည့် အသိပညာဗဟုသုတများကို မိမိ၏မိသားစုနှင့် ပတ်ဝန်းကျင်တွင် မျှဝေပေးနိုင်ရေး၊ အသိပညာရရှိစေသည့် စာအုပ်စာပေများကိုရွေးချယ်ဖတ်ရှုလာနိုင်စေရေး၊လူငယ် လူရွယ်များ ဗလငါးတန်နှင့် ပြည့်စုံလာနိုင်စေရေးတို့အတွက် ရည်ရွယ်၍ အသိပညာပေးဟောပြောပွဲ ကျင်းပခြင်းဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် ပြည်သူ့စာကြည့်တိုက်တွင် ခင်းကျင်းပြသထားသော ပြတိုက်ငယ်၌  ထားဝယ်လူမျိုးများ၏ အထင်ကရပုဂ္ဂိုလ်များ၏ အထ္တုပ္ပတ္ထိများ၊ ထားဝယ်ခရိုင်အတွင်းရှိ သမိုင်းဝင်ရှင်ကိုးရှင်ဘုရားဓာတ်ပုံများ၊ ထားဝယ်တိုင်းရင်း သားယဉ်ကျေးမှုအသုံးအဆောင်ပစ္စည်းများနှင့်လက်မှုအနုပညာပစ္စည်းများ၊ ဒေသမှ ထွက်ရှိသော လူသုံးကုန်များ၊ လှပသာယာသော ကမ်းခြေများ၊ထားဝယ်ရိုးရာအိမ်အပါအဝင် စသည့် တို့ကို ကျောင်းသား/သူများက စိတ်ပါဝင်စားစွာ ကြည့်ရှု လေ့လာခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)