မုံရွာ စက်တင်ဘာ ၂၂
နိုင်ငံ့တာဝန်များအား တစ်ထောင့်တစ်နေရာမှ တာဝန်ထမ်းဆောင်ခဲ့ကြသည့် ဌာနဆိုင်ရာအသီးသီးမှ အငြိမ်းစားဝန်ထမ်းများ ကျန်းမာသန်စွမ်းစွာဖြင့် နေထိုင်သွားလာနိုင်ရေးနှင့် စားသောက်ရေးများအဆင်ပြေစေရန်အတွက် ရည်ရွယ်၍ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့မှ တိုင်းဒေသကြီးအတွင်းရှိ အငြိမ်းစားဝန်ထမ်းများအား ကျန်းမာရေးစစ်ဆေးပေးခြင်းနှင့် အခြေခံစားသောက်ကုန်များပေးအပ်ခြင်း အခမ်းအနားကို စက်တင်ဘာလ ၂၂ ရက်၊ နံနက်ပိုင်းတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့ရှိ ချင်းတွင်းခန်းမတွင် ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့်ဇနီး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့်ဇနီးများ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးမှ အရာထမ်း/အမှုထမ်းနှင့် တိုင်းဒေသကြီးအတွင်းရှိ အငြိမ်းစားဝန်ထမ်းများ တက်ရောက်ကြသည်။
ဦးစွာ အခမ်းအနားသို့ တက်ရောက်လာကြသည့် အငြိမ်းစားဝန်ထမ်းများအား နံနက်စာကော်ဖီနှင့် မုန့်များဖြင့် ဧည့်ခံကျွေးမွေးခဲ့ကြပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနှင့်ဇနီးများက တိုင်းဒေသကြီးအတွင်းရှိ ဌာနဆိုင်ရာအသီးသီးမှ အငြိမ်းစားဝန်ထမ်းများအား ရင်းရင်းနှီးနှီးလိုက်လံမိတ်ဆက်စကားများ ပြောကြားကာ တာဝန်ရှိသူများနှင့်အတူ အငြိမ်းစားဝန်ထမ်း ၁၃၀၀ ဦးကျော်အား အဟာရဖြည့်စွက် စာကြက်ဥများအား လက်ရောက်ပေးအပ်ခဲ့ကြသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ခန်းမအတွင်း၌ မုံရွာခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ အငြိမ်းစားဝန်ထမ်းများအား ဆီးချို/ သွေးချိုရောဂါ၊ သွေးတိုးရောဂါ၊ အကြောနာအကြောတက်ရောဂါ၊ နှလုံးရောဂါ၊ ချောင်းဆိုးရင် ကြပ်ရောဂါများအား စစ်ဆေးကုသပေးနေမှုများအား ကြည့်ရှုအားပေးခဲ့ကြပြီး ကုသရေးလုပ်ငန်းများနှင့် ပတ်သက်၍ လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်း စပ်ဆောင်ရွက်ပေးခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် အဆိုပါခန်းမဝန်းအတွင်း၌ တိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့နှင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့မှ အငြိမ်းစားဝန်ထမ်းများအား အခြေခံစားသောက်ကုန်များဖြစ်သည့် ဆန်၊ စားသုံးဆီနှင့် ဟင်းသီးဟင်းရွက်များအား ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးနေမှုများအား လိုက်လံကြည့်ရှုခဲ့ကြသည်။
အဆိုပါ တိုင်းဒေသကြီးအတွင်းရှိ အငြိမ်းစားဝန်ထမ်းများအား ကျန်းမာရေးစစ်ဆေးပေးခြင်းနှင့် အခြေခံစားသောက်ကုန်များ ပေးအပ်ခြင်းအား တိုင်းဒေသကြီး အစိုးရအဖွဲ့မှ လစဉ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)