လွိုင်ကော် စက်တင်ဘာ ၂၂
ကယားပြည်နယ်၊ မြန်မာ့စီးပွားရေးဘဏ်(လွိုင်ကော်)ဘဏ်ခွဲတွင် နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများ၏ ပင်စင်လစာထုတ်ပေးခြင်းအား လစဉ်ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက်ကပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်သည် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ တာဝန်ရှိသူများနှင့်အတူ မြန်မာ့စီးပွားရေးဘဏ် (လွိုင်ကော်) ဘဏ်ခွဲတွင်နိုင်ငံ့ဝန်ထမ်း(အငြိမ်းစား)များအား ပင်စင်လစာများ ထုတ်ပေးဆောင်ရွက်မှုကို သွားရောက်ကြည့်ရှုအားပေးပြီး အခြေခံစားသောက်ကုန်များ ပေးအပ်ခဲ့ကြောင်း သိရသည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် မြန်မာ့စီးပွားရေးဘဏ် (လွိုင်ကော်)ဘဏ်ခွဲ၌ ဝန်ထမ်းများက နိုင်ငံ့ဝန်ထမ်း (အငြိမ်းစား)များအား ပင်စင်လစာများ ထုတ်ပေးဆောင်ရွက်နေမှုကို လှည့်လည်ကြည့်ရှုအားပေးပြီး ရင်းရင်းနှီးနှီး နှုတ်ဆက်စကားပြောကြားသည်။ ပြည်နယ် ဝန်ကြီးချုပ်က ပင်စင်လစာထုတ်ပေးခြင်းလုပ်ငန်းများ ကြန့်ကြာမှုမရှိစေရေး စနစ်တကျ စီမံ ဆောင်ရွက်ပေးရန် တာဝန်ရှိသူများအား မှာကြားခဲ့သည်။ ထို့နောက် ပင်စင်လာရောက် ထုတ်ယူကြသည့် နိုင်ငံ့ဝန်ထမ်း(အငြိမ်းစား)များကို ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် ပြည်နယ်ပြည်သူ့ဆေးရုံကြီးမှ အထူးကုဆရာဝန်ကြီးများနှင့် ကျန်းမာရေးဝန်ထမ်းများက အရိုး၊ မျက်စိ၊ နား၊ နှာခေါင်း၊ လည်ချောင်းနှင့် အထွေထွေရောဂါများ စမ်းသပ်စစ်ဆေး၍ ကျန်းမာရေးစောင့်ရှောက်မှု ပေးနေမှုများအား လှည့်လည်ကြည့်ရှုအားပေးသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က နိုင်ငံ့ဝန်ထမ်း(အငြိမ်းစား)များသည် နိုင်ငံ့တာဝန်များကို ကျရာကဏ္ဍများမှ ကျေပွန်စွာထမ်းဆောင်ခဲ့ကြသူများဖြစ်ကြောင်း၊ ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် နိုင်ငံ့ဝန်ထမ်း(အငြိမ်းစား)များ နေထိုင်စားသောက်မှု အဆင်ပြေစေရန်အတွက် အခါအားလျော်စွာ ကူညီဆောင်ရွက်ပေးလျက်ရှိပါကြောင်း ပြောကြားပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက နိုင်ငံ့ဝန်ထမ်း (အငြိမ်းစား)များအား ဆန်၊ ဆီ၊ ကြက်ဥနှင့် နေ့လယ်စာများ ပေးအပ်ခဲ့ကြသည်။
ယနေ့ မြန်မာ့စီးပွားရေးဘဏ်(လွိုင်ကော်)ဘဏ်ခွဲတွင် ပင်စင်လစာလာရောက်ထုတ်ယူသည့် နိုင်ငံ့ဝန်ထမ်းအငြိမ်းစား ၃၀၀ ဦးတို့အား ဆန်၊ ဆီ၊ ကြက်ဥစသည့် အခြေခံစားသောက်ကုန်များ ပေးအပ်ခဲ့ကြောင်း သိရသည်။
ပြည်နယ်(ပြန်/ဆက်)