ကျိုက်လတ်၌ ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်ကျောင်းသား၊ ကျောင်းသူများနှင့် ဆရာ၊ ဆရာမများအား ဂုဏ်ပြုဆုချီးမြှင့်ပွဲကျင်းပ

ကျိုက်လတ် စက်တင်ဘာ ၂၂

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၊ မြစန္ဒီခန်းမတွင် ယနေ့နံနက် (၉)နာရီက ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့ကြသော ကျောင်းသား၊ ကျောင်းသူများနှင့် ဂုဏ်ထူးသင် ဆရာ၊ ဆရာမများ၊ ခွင့်ရက်မယူသော ဆရာ၊ ဆရာမများအား ဂုဏ်ပြုဆုချီးမြှင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားကို ကျောင်းသား၊ ကျောင်းသူလေးများက "မြန်မာ့ကျောင်း" သီချင်းဖြင့် သီဆိုဖွင့်လှစ်ခဲ့ပြီး  မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမင်းအောင်က အဖွင့်အမှာစကားပြောကြားခဲ့သည်။ ဆက်လက်၍ မြို့နယ်ပညာရေးမှူး ဆရာကြီး ဦးအောင်မိုးက ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို ကျောင်းသား၊ ကျောင်းသူ (၁၀၉၅) ဦးဝင်ရောက်ဖြေဆိုခဲ့ပြီး (၄၇၂) ဦး အောင်မြင်ခဲ့သဖြင့် ရာခိုင်နှုန်းအားဖြင့်(၄၃.၁၁) ရာခိုင်နှုန်းရှိကြောင်း အမှာစကား ပြောကြားခဲ့ပြီး ကျောင်းအုပ်ဆရာမကြီး ဒေါ်သိန်းသိန်းသန်းက ကျေးဇူးတင်စကားပြန်လည် ပြောကြားခဲ့သည်။ ဆက်လက်၍  လေးဘာသာဂုဏ်ထူးရှင် (၃)ဦး၊ သုံးဘာသာဂုဏ်ထူးရှင် (၃)ဦး၊ နှစ်ဘာသာဂုဏ်ထူးရှင် (၉)ဦး၊ တစ်ဘာသာဂုဏ်ထူးရှင် (၁၇)ဦး နှင့် ဂုဏ်ထူးသင် ဆရာ၊ ဆရာမများ၊ ခွင့်ရက်မယူ‌သော ဆရာ၊ ဆရာမများတို့ကို တာဝန်ရှိသူများနှင့် အလှူရှင်များက ဆုများအသီးသီးပေးအပ် ချီးမြှင့်ခဲ့ကြသည်။

အခမ်းအနားသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူးဆရာကြီးနှင့်  အလှူရှင်များ၊ ကျောင်းအကျိုးတော်ဆောင်များ၊ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး နှင့် ဆရာ၊ ဆရာမများ၊ ဂုဏ်ထူးရ ကျောင်းသား၊ ကျောင်းသူများနှင့် မိဘဆွေမျိုးများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

လှိုင်မင်းအောင်(ပြန်/ဆက်)