ကန့်ဘလူ စက်တင်ဘာ ၂၂
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနမှ ဦးဆောင်သောဝန် ထမ်းများအဖွဲ့နှင့်သက်ဆိုင်ရာ ဌာနဆိုင်ရာများနှင့်အတူ ယနေ့နံနက်ပိုင်းက ကန့်ဘလူမြို့ပေါ်ရှိ ဆေးဝါးပစ္စည်းအရောင်းဆိုင်များသို့ သွားရောက်ပြီး သတ်မှတ်စည်းကမ်းချက်များနှင့်အညီ စနစ်တကျရောင်းချခြင်း ရှိ၊ မရှိ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ဆေးဆိုင်များတွင် ပြည်သူလူထုဘေးအန္တရာယ် ဖြစ်စေနိုင်သော သက်တမ်းလွန်ဆေးဝါးများနှင့် တရားမဝင် မှတ်ပုံတင်ထားခြင်းမရှိသော ဆေးဝါးများဖြန့်ဖြူးရောင်းချနေမှု ရှိ၊ မရှိ ရှာဖွေစစ်ဆေး ပြီးနောက် ဆေးဆိုင်လုပ်ငန်းရှင်များအနေဖြင့် ဆေးဝါးပစ္စည်းများ ရောင်းချရာတွင် ပြည်သူ လူထုဘေးအန္တရာယ်မဖြစ်စေရေးအတွက် တရားမဝင်မှတ်ပုံတင်ထားခြင်းမရှိသောဆေးဝါးများနှင့် သက်တမ်းလွန်နေသောဆေးဝါးများ ဖြန့်ဖြူးရောင်းချခြင်းများ မပြုလုပ်ကြရန်၊ စစ်ဆေး တွေ့ရှိပါက တည်ဆဲဥပဒေများနှင့်အညီ ထိရောက်စွာ အရေးယူဆောင်ရွက်သွားမည် ဖြစ်ကြောင်းနှင့် ပြစ်မှုပြစ်ဒဏ်များကို ပူးပေါင်းစစ်ဆေးရေးအဖွဲ့ဝင်များက အသိပညာပေး ဆွေးနွေးပြောကြားသည်။
“ကျွန်တော်တို့အနေနဲ့ ဆေးပစ္စည်းများဝယ်ယူရာမှာ မလိုလားအပ်တဲ့ ဘေးအန္တရာယ်တွေ မဖြစ်စေဖို့အတွက် ဆေးပစ္စည်းအရောင်းဆိုင်တွေမှာ သက်တမ်းလွန်ဆေးဝါးပစ္စည်းတွေနဲ့ ယခုလက်ရှိဖြစ်ပေါ်နေတဲ့ Dumex Dupro Brand အစစ်နဲ့အတု ကွဲပြားခြားနားချက်တွေကို အသိပညာပေးဆွေးနွေးပြီး စျေးကွက်အတွင်း ဖြန့်ဖြူးရောင်းချခြင်းမပြုလုပ်ရန် ကွင်းဆင်း ကြီးကြပ်စစ်ဆေး ဆောင်ရွက်လျက်ရှိပါတယ်။
စစ်ဆေးတဲ့အဖွဲ့မှာ ခရိုင်/မြို့နယ်ဌာနဆိုင်ရာ တာဝန်ရှိသူတွေနဲ့ ပူးပေါင်းစစ်ဆေးတာဖြစ်ပါတယ်။ ပြည်သူတွေအနေနဲ့လည်း ဆေးဝါးပစ္စည်းတွေဝယ်ယူသုံးစွဲရာမှာ သက်တမ်းလွန်နေတဲ့ ဆေးဝါးတွေ ဟုတ်၊ မဟုတ် သေချာစစ်ဆေးပြီး ဝယ်ယူသုံးစွဲကြဖို့နဲ့ တရားမဝင် မှတ်ပုံတင်ထားခြင်းမရှိတဲ့ ဆေးဝါးပစ္စည်းတွေဆိုရင် ဝယ်ယူသုံးစွဲခြင်းမပြုကြဖို့ တိုက်တွန်းပြောကြားလိုပါတယ်”ဟု ကန့်ဘလူခရိုင် စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံ ဦးမျိုးဝင်းသန်းက ပြောကြားသည်။
အောင်ဝင်းငြိမ်း