ကျုံပျော် စင်တင်ဘာ ၂၂
လူငယ်များ ဗလငါးတန်ဖွံ့ဖြိုးစေရန်၊ လူအများနှင့်ဆွေးနွေးပြောဆိုမှု ပြုတတ်စေရန်အတွက် ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျုံပျော်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ကျုံပျော်မြို့နယ်၊ မိုးကြိုးပစ်ကျေးရွာ အခြေခံပညာ အထက်တန်းကျောင်း၌ ယနေ့ နံနက် ၁၀ နာရီအချိန်က ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ကျောင်းအုပ် ဆရာမကြီး ဒေါ်နီနီဝင်းက ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ယခုစကားဝိုင်းဆွေးနွေးပွဲမှ ဗဟုသုတများကို လေ့လာမှတ်သားကြရန်၊ ကျောင်းစာကြည့်တိုက်သို့ လာရောက်၍ စာဖတ်သည့် အလေ့အကျင့်ကောင်းများ မွေးမြူကြရန်၊ လာမည့်ဆွေးနွေးပွဲများတွင် မိမိတို့ပါ ပါဝင်ဆွေးနွေးနိုင်အောင် ကြိုးစားကြရန်နှင့် အနာဂတ်အတွက်အားထားရသည့် သားသမီးရတနာများဖြစ်အောင် ပညာ၊ ဗဟုသုတ ပြည့်စုံကြသူများ ဖြစ်နိုင်ရေးကြိုးစားကြရန်တို့ကို အဖွင့်အမှာစကား ပြောကြားသည်။ ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်သန်းသန်းစိုးက လူငယ်စကားဝိုင်း ကျင်းပပြုလုပ်ခြင်းနှင့် ပတ်သက်၍၎င်း၊ ဖွံ့ဖြိုးတိုးတက်သူများ၏ စံနမူနာယူသင့်သည့် အလေ့အကျင့်များကို၎င်း၊ ဗလငါးတန်ပြည့်စုံသည့် လူငယ်များဖြစ်လာစေရန် ကြိုးစားဆောင်ရွက်သင့်သည်များကို၎င်း ဆွေးနွေးပြောကြားသည်။
ထို့နောက် Grade - 9 မှ စမင်းအောင်စံ၊ Grade - 8 မှ မချစ်မြတ်နိုး ၊ မအိမ့်မွန်ဟန်နှင့် မအိရွှေစင်လင်းတို့က လူငယ်နှင့် အားကစား၊ လူငယ်နှင့် စာရိတ္တ၊ လူငယ်နှင့် စာဖတ်ခြင်း၊ လူငယ်နှင့် မူယစ်ဆေးဝါး စသည့် အကြောင်းအရာများအား ဝိုင်းဝန်းဆွေးနွေးကြသည်။ ထို့နောက် စကားဝိုင်း တက်ရောက် လာကြသောကျောင်းသား၊ ကျောင်းသူလေးများက သိလိုသည်များအား မေးမြန်းရာ ဦးဆောင်ဆွေးနွေးသူများက ပြန်လည်ရှင်းလင်း ဖြေကြားခဲ့ကြသည်။
ထို့နောက် ဗဟုသုတနှင့် စာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်အတွက် နံရံကပ်စာစောင်ပြပွဲအား ဆက်လက် ကျင်းပပြုလုပ်ရာ ကျောင်းသား၊ ကျောင်းသူလေးများက စိတ်ဝင်စားစွာ ဖတ်ရှုလေ့လာခဲ့ကြသည်။
အဆိုပါ လူငယ်စကားဝိုင်း ဆွေးနွေးပွဲသို့ မိုးကြိုးပစ်ကျေးရွာ အ.ထ.ကမှ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြပြီး၊ ထိုကဲ့သို့ လူငယ်စကားဝိုင်းများ ကျင်းပပေးခြင်းသည် အနာဂတ်မျိုးဆက်သစ်လူငယ်များ ဗလငါးတန်ပြည့်စုံစေရန်၊ စကားပြောစွမ်းရည် ပြည့်ဝပြီး လူအများရှေ့တွင် ရဲဝံ့စွာပြောဆိုတတ်စေရန်နှင့် လူငယ်အချင်းချင်း ရင်းနှီးခင်မင် ပူးပေါင်းဆောင်ရွက်နိုင်သည့် အလေ့အကျင့်ကောင်းများ ဖြစ်ပေါ်စေရန် ရည်ရွယ်ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)