ငွေဆောင် စက်တင်ဘာ ၂၂
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငွေဆောင်မြို့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ အစည်းအဝေးခန်းမ၌ ယမန်နေ့နံနက်ပိုင်းက မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့ဦးစီးမှူးရုံးတို့ပူးပေါင်းကာ ငွေဆောင်မြို့ပေါ် ရပ်ကွက်များနေ ဒေသခံပြည်သူများအနက်မှ အသက်(၁၈)နှစ်အထက် နိုင်ငံသားစိစစ်ရေးကတ်ပြားမရှိသူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားထုတ်ပေးနိုင်ရေး ဆက်လက်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့အုပ်ချုပ်ရေးမှူး ဦးဝင်းမင်းကိုက နိုင်ငံသားစိစစ်ရေးကတ်ပြား လာရောက်လျှောက်ထားကြသည့် ပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားလျှောက်ထားရာတွင် လိုအပ်သည့်လုပ်ငန်းစဥ်များနှင့် အချက်အလက်များ၊ နိုင်ငံသားစိစစ်ရေးကတ်ပြား ကိုင်ဆောင် သူများလိုက်နာရမည့်အချက်များအား ရှင်းလင်းပြောကြားကာ အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားသည် နိုင်ငံသားတိုင်းအတွက် လွန်စွာအရေးကြီးကြောင်း၊နိုင်ငံသား အခွင့်အရေး မဆုံးရှုံးစေရေးအတွက် နိုင်ငံသားစိစစ်ရေးကတ်ပြား ကိုင်ဆောင်ထားသင့်ကြောင်း တို့ကို ဦးစွာ အသိပညာပေး ပြောကြားခဲ့သည်။
ထို့နောက် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့ဦးစီးမှူးရုံးမှ ဒုလ.ဝ.ကမှူး ဦးညီမင်းခန့်နှင့်ဝန်ထမ်းများ၊ မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းများနှင့် ရပ်/ကျေး အုပ်ချုပ်ရေးမှူးများမှ ငွေဆောင်မြို့ပေါ် ရပ်ကွက်များနေ အသက် (၁၈) နှစ်အထက် အိမ်ထောင်စု စာရင်းရှိပြီး နိုင်ငံသားစိစစ်ရေးကတ်ပြား မရှိသူများကို နိုင်ငံသားစိစစ်ရေးကတ်ပြား ရရှိနိုင်ရေး၊ နိုင်ငံသားစိစစ်ရေးကတ်ပြားရှိပြီး အိမ်ထောင်စုစာရင်း မရှိသူများကို အိမ်ထောင်စုစာရင်း ပြုလုပ်ပေးနိုင်ရေး ပူးပေါင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။
R – 014( ငွေဆောင်)