ဘုတ်ပြင်း စက်တင်ဘာ ၂၂
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ဘုတ်ပြင်းမြို့နယ်၌ အခြေခံပညာကျောင်းပေါင်းစုံ အမျိုးသား၊ အမျိုးသမီး ပိုက်ကျော်ခြင်းပြိုင်ပွဲ၊ ဘောလီဘော်ပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲအခမ်းအနားကို စက်တင်ဘာ ၂၁ ရက်နေ့ ညနေက မြို့နယ်အားကစားခန်းမတွင် ကျင်းပခဲ့သည်။
ပြိုင်ပွဲ၌ ပိုက်ကျော်ခြင်းပြိုင်ပွဲဗိုလ်လုပွဲအဖြစ် အထက-ဘုတ်ပြင်းကျောင်းအသင်းနှင့် အလက(ခွဲ) သဲစုပ်စက်မိုင်း ကျောင်းအသင်းတို့ ယှဉ်ပြိုင်ကစားကြရာ မြို့နယ်ပညာရေးမှူးနှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ အခြေခံပညာကျောင်းများမှကျောင်းအုပ်ကြီးများနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ၊ အားကစားဝါသနာရှင်များက ကြည့်ရှု့အားပေးကြသည်။ ပြိုင်ပွဲအပြီးတွင် အ.ထ.က-ဘုတ်ပြင်း ကျောင်းအသင်းက အနိုင်ရဗိုလ်စွဲခဲ့သည်။
ယင်းနောက် ဆုချီးမြှင့်ပွဲအခမ်းအနားကိုကျင်းပရာ အမျိုးသား၊ အမျိုးသမီး ဘောလီဘော်ပြိုင်ပွဲ၌ ပထမ၊ ဒုတိယဆုနှင့်တံခွန်စိုက်ဆုဖလားရရှိသည့် အသင်းများနှင့် အမျိုးသား၊ အမျိုးသမီး ပိုက်ကျော်ခြင်းပြိုင်ပွဲ၌ ပထမ၊ ဒုတိယဆုနှင့် တံခွန်စိုက်ဆုဖလားရရှိသည့်အသင်းများမှ အားကစားသမားများကို တစ်ဦးချင်း ဆုတံဆိပ်များနှင့် တံခွန်စိုက်ဆုများကို မြို့နယ်ပညာရေးမှူး ဦးအောင်စိုး၊ မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများနှင့် တာဝန်ရှိသူများက အသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြသည်။
အဆိုပါအားကစားပြိုင်ပွဲများကို စက်တင်ဘာလ ၂၀ ရက်နေ့မှ ၂၁ ရက်နေ့အထိ ကျင်းပခဲ့ပြီး ဘုတ်ပြင်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်း (၈) ကျောင်းမှ ကျောင်းသား၊ ကျောင်းသူများ ပါဝင်ယှဉ်ပြိုင်ကစားကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)