ဘားအံ စက်တင်ဘာ ၂၂
ကရင်ပြည်နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ၂၀၂၅-၂၀၂၆ခု ဘဏ္ဍာရေးနှစ် အသက်မွေးဝမ်းကျောင်းအထောက်အကူပြု အခြေခံနှင့်အဆင့်မြင့်မော်တာအပ်ချုပ်စက်သင်တန်းဖွင့်ပွဲကို စက်တင်ဘာလ ၂၂ ရက်နေ့ နံနက် ၈ နာရီက အဆိုပါဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက ယနေ့သင်တန်းတက်ရောက်ကြမည့် သင်တန်းသူများအနေဖြင့် မိမိတို့သင်ကြားမည့် အိမ်တွင်းမှုအတတ်ပညာဖြင့် မိသားစုဝင်ငွေရရှိရေးအတွက် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများကို လုပ်ကိုင်၍ ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများတွင်လည်း တက်ကြွစွာပူးပေါင်းပါဝင်ဆောင်ရွက်ကြရန်နှင့် တိုင်းချစ်၊ ပြည်ချစ်၊ မျိုးချစ်စိတ်ဓါတ်များ ရှင်သန်ထက်မြတ်လာကြစေပြီး တစ်ပိုင်တစ်နိုင်လုပ်ငန်းမှ လုပ်ငန်းရှင်များအဖြစ် လုပ်ကိုင်နိုင်သည်အထိ ကြိုးပမ်းဆောင်ရွက်သွားကြစေလိုကြောင်း တိုက်တွန်းပြောကြားသည်။
ထို့နောက် ပြည်နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးဦးဝင်းနိုင်က သင်တန်းနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြပြီး ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးညီညီဇော်က သင်ထောက်ကူပစ္စည်းများကို သင်တန်းသူများထံ ပေးအပ်ချီးမြှင့်ကာ ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် သင်တန်းသူများအား ရင်းနှီးနွေးထွေးစွာ တွေ့ဆုံနှုတ်ဆက်၍ အားပေးစကားများ ပြောကြားခဲ့သည်။
ယနေ့ဖွင့်လှစ်သည့်သင်တန်းကို ဘားအံမြို့နယ်အတွင်းရှိ ကျေးရွာ (၅) ရွာမှ သင်တန်းသူ (၂၀) ဦး တက်ရောက်လျက်ရှိပြီး သင်တန်းကာလရက်ပေါင်း (၉၀) ကြာမြင့်မည်ဖြစ်ကာ သင်တန်းပြီးမြောက်သည့်အခါ ထူးချွန်သင်တန်းသူ (၃) ဦးအား ရွေးချယ်၍ အပ်ချုပ်စက်တစ်လုံးစီ ချီးမြှင့်ပေးအပ်သွားမည်ဖြစ်ကြောင်းနှင့် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် သင်တန်းခန်းမအတွင်း သင်တန်းသူများအား တွေ့ဆုံ၍ အချိန်ကိုအကျိုးရှိစွာအသုံးချ၍ သင်တန်းမှပို့ချပေးမည့် ဘာသာရပ်များကို ကြိုးကြိုးစားစားသင်ယူပြီး ကိုယ်ပိုင်လုပ်ငန်းများထူထောင်နိုင်သည်အထိ ကြိုးပမ်းဆောင်ရွက်သွားကြရန် တိုက်တွန်းပြောကြားခဲ့သည်။
ဆက်လက်၍ ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်မြေပြင်ကွင်းဆင်းစာရင်း ကောက်ယူရေးကြီးကြပ်မှုကော်မတီ၏ (၅/၂၀၂၅) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို စက်တင်ဘာလ ၂၂ ရက်နေ့ နံနက် ၁၀ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ (၂) ၌ ကျင်းပသည်။
ဦးစွာ ကရင်ပြည်နယ် မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက မကြာမီ ကျင်းပတော့မည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအတွက် သက်ဆိုင်ရာရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဆင့်ဆင့်က မဲစာရင်းပြုစုရာတွင် ပြည့်စုံမှန်ကန်ရေး၊ မဲပေးခွင့်ရှိသူတိုင်းမဲပေးနိုင်ရေး၊ မဲပေးခွင့်မရှိသူများ မဲစာရင်းတွင် ပါဝင်ခြင်းမရှိစေရေးအတွက် ပြည်နယ်မြေပြင်ကွင်းဆင်းစာရင်း ကောက်ယူရေးကြီးကြပ်မှုကော်မတီတွင် ပါဝင်ဖွဲ့စည်းထားသည့် ပြည်နယ်/ခရိုင်/မြို့နယ်သက်ဆိုင်ရာဌာနဆိုင်ရာအဖွဲ့အစည်းအဆင့်ဆင့်က အထူးအလေးအနက်ထားဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြရန် တိုက်တွန်းပြောကြားသည်။
ထို့နောက် ကရင်ပြည်နယ် မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေးကြီးကြပ်မှုကော်မတီ တွဲဖက်အတွင်းရေးမှူး ပြည်နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်နယ်ဦးစီးမှူး ဦးကျော်မြင့်က ယခင်အစည်းအဝေး ဆုံးဖြတ်ချက်များအပေါ် လိုက်နာဆောင်ရွက်ပြီးစီးမှု၊ မဲစာရင်းပြုစုရာတွင်အခြေခံရမည့်မဲစာရင်းမှန်ကန်ရေးလုပ်ငန်း ညှိနှိုင်းအစည်းအဝေးဆုံးဖြတ်ချက်များအပေါ် လိုက်နာဆောင်ရွက်ပြီးစီးမှု၊ ဗဟိုအစည်းအဝေးညွှန်ကြားချက်များ၊ မြေပြင်ကွင်းဆင်းစာရင်းကောက်ယူပြီးစီးမှု၊ e-ID Server အတွင်းဖြေရှင်းဆောင်ရွက်ပြီးစီးမှု၊ ပန်းခင်းစီမံချက်အဆင့် (၃) ဆောင်ရွက်မှု၊ Biometric ကောက်ယူမှုအခြေအနေ၊ လွှတ်တော်ရွေးကောက်ပွဲဥပဒေ၊နည်းဥပဒေ၊ မဲစာရင်းပြုစုခြင်း ဆိုင်ရာလုပ်ငန်းစဉ်များကို ရှင်းလင်းတင်ပြပြီး ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ရွေးကောက်ပွဲအရာရှိက မဲဆန္ဒရှင်စာရင်းများ ပထမအကြိမ်ကပ်ထားကြေညာနိုင်ရေး ပြင်ဆင်ဆောင်ရွက်မှု၊ ထပ်မံလိုအပ်သောမဲပေးစက်များ ထုတ်ယူမည့်အစီအစဉ်များကို ရှင်းလင်းတင်ပြသည်။
ယင်းနောက် မြို့နယ်မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌများက သက်ဆိုင်ရာ မြို့နယ်များအလိုက် မြေပြင်ကွင်းဆင်းစာရင်းကောက်ယူပြီးစီးမှု၊ ရွေးကောက်ပွဲဆောင်ရွက်နိုင်မည့် နောက်ဆုံးအခြေအနေ၊ လွှတ်တော်ကိုယ်စားလှယ်လောင်းများ အမည်စာရင်းတင်သွင်းမှု၊ မဲရုံလျာထားစာရင်းနှင့်လုံခြုံရေးဆောင်ရွက် မည့်အခြေအနေ၊ မဲပေးစက်ဆိုင်ရာအသိပညာပေးလုပ်ငန်းဆောင်ရွက်ခဲ့မှု၊ မဲဆန္ဒရှင်စာရင်းကပ်ထားကြေညာနိုင်ရေးကြိုတင်စီမံဆောင်ရွက်ထားရှိမှု၊ အသက် (၁၈) နှစ်နှင့်အထက်လူဦးရေစာရင်းမှန်ကန်ရေးစိစစ်နေမှု၊ ကြိုတင်ဆန္ဒမဲပေး ခြင်းနှင့်စပ်လျဉ်း၍ ဆောင်ရွက်မည့်အခြေအနေများကို ရှင်းလင်းတင်ပြကြရာ တက်ရောက်လာသူများက ဝိုင်းဝန်းအကြံပြုဆွေးနွေးတင်ပြကြပြီး ပြည်နယ်ဝန်ကြီးချုပ်က တင်ပြဆွေးနွေးမှုများအပေါ် ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးကာ နိဂုံးချုပ်အမှာစကား ပြောကြားခဲ့သည်။
အလားတူ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဖလား အခြေခံပညာအဆင့် အသက် (၁၈) နှစ်အောက် အမျိုးသား၊အမျိုးသမီးဘောလုံးပြိုင်ပွဲနှင့် အခြေခံပညာကျောင်းသားအားကစားပွဲတော် ဆုချီးမြှင့်ပွဲအခမ်းအနားကို စက်တင်ဘာလ ၂၁ ရက်နေ့ မွန်းလွဲ ၃ နာရီက ဘားအံမြို့၊ လှာကမြင်ကွက်သစ်ရှိ ဇွဲကပင်အားကစားကွင်း၌ ကျင်းပသည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်ဖလား အခြေခံပညာအဆင့် အသက် (၁၈) နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲစဉ်အဖြစ် လှိုင်းဘွဲမြို့နယ်အသင်းနှင့် ကြာအင်းဆိပ်ကြီးမြို့နယ်အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ကျောင်းသား၊ကျောင်းသူ၊ ဆရာ၊ ဆရာမများ၊ အားကစားဝါသနာရှင်များ ကြည့်ရှုအားပေးခဲ့ကြပြီး အဆိုပါပွဲစဉ်တွင် လှိုင်းဘွဲမြို့နယ်အသင်းက တစ်ဂိုး ဂိုးမရှိဖြင့် အနိုင်ရဗိုလ်စွဲခဲ့သည်။
ထို့နောက် ဆုချီးမြှင့်ပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာ ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့ အဖွဲ့ဝင်များက အခြေခံပညာအဆင့် အသက် (၁၈) နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲတွင် နေရာအလိုက်အကောင်းဆုံးအားကစား သမားဆုများ၊ ပူးတွဲတတိယဆု၊ ဒုတိယဆုနှင့် ပထမဆုရရှိသောအသင်းများအား တစ်ဦးချင်းလည်ဆွဲဆု၊ ငွေသားဆုနှင့် ဆုဖလားများကို ပေးအပ်ချီးမြှင့်ကြပြီး ပြည်နယ်အစိုးရအဖွဲ့ဝင်များကအခြေခံပညာအဆင့် အသက် (၁၈) နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ နေရာအလိုက်အကောင်းဆုံးအားကစားသမားဆုများ၊ ပူးတွဲတတိယဆုရအသင်းများကိုလည်းကောင်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဦးညွန့်လင်းက ဒုတိယဆုရရှိသော ကြာအင်းဆိပ်ကြီးမြို့နယ်အသင်းအား တစ်ဦးချင်းလည်ဆွဲဆု၊ ငွေသားဆုနှင့် ဆုဖလားတို့ကို ပေးအပ်ချီးမြှင့်ကြသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်က အခြေခံပညာအဆင့် အသက် (၁၈) နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲတွင် အနိုင်ရဗိုလ်စွဲခဲ့သော လှိုင်းဘွဲမြို့နယ်အသင်းအား တစ်ဦးချင်းလည်ဆွဲဆု၊ ငွေသားဆု(၆)သိန်းကျပ်နှင့် ဆုဖလားတို့ကိုပေးအပ်ချီးမြှင့်ပြီး ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဖလား အခြေခံပညာအဆင့် အသက် (၁၈) နှစ်အောက် အမျိုးသား၊ အမျိုးသမီးဘောလုံးပြိုင်ပွဲနှင့်အခြေခံပညာကျောင်းသားအားကစားပွဲတော်တွင် တံခွန်စိုက်ဆုရရှိသော ဘားအံမြို့နယ်အသင်းအား ငွေသားဆု(၇)သိန်းကျပ်နှင့် တံခွန်စိုက်ဆုဖလားတို့ကို ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)