ပခုက္ကူမြို့၊ အမှတ်(၄) အခြေခံပညာအထက်တန်းကျောင်း၌ ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲပြုလုပ်

ပခုက္ကူ စက်တင်ဘာ ၂၂

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့် မြို့နယ်စာရေးဆရာအသင်းတို့ ပူးပေါင်းပြီး ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲကို ယနေ့နံနက် ၉ နာရီအချိန်က ပခုက္ကူမြို့၊ အမှတ်(၄) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ ပခုက္ကူမြို့၊ အမှတ်(၄) အခြေခံပညာအထက်တန်းကျောင်း ကျောင်းအုပ်ကြီး ဒေါ်အမာဆွေက အဖွင့်အမှာစကားပြောကြားပြီး ပခုက္ကူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စန်းယုမော်က ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲ ကျင်းပပြုလုပ်ရခြင်း ရည်ရွယ်ချက်များအကြောင်း ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ ပခုက္ကူမြို့နယ် စာရေးဆရာအသင်းအတွင်းရေးမှူး စာရေးဆရာမ အသွင်ဆန်း(ပခုက္ကူ)က “လူငယ်နှင့်စာဖတ်ခြင်း” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ စာရေးဆရာ ဇေယျာပိုင်ရွှေက “စာပေဖတ်ရှုလေ့လာခြင်းကြောင့် ကိုယ်ထူးကိုယ်ချွန်ဖြစ်ကြသော သူရဲကောင်းများ” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ စာရေးဆရာအောင်ဝင်း(မျိုးချစ်သူ-ရေစကြိုသား)က “ဗလငါးတန်ပြည့်စုံဖို့ ကျောင်းစာကြည့်တိုက်ကို အကျိုးရှိရှိအသုံးချကြစို့” ခေါင်းစဉ်ဖြင့်လည်းကောင်း အသိပညာပေး ဟောပြောကြသည်။

အဆိုပါပွဲတွင် ပခုက္ကူမြို့၊ အမှတ်(၄) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ကြီးနှင့်ဆရာ ဆရာမများ၊ ကျောင်းသားကျောင်းသူများတက်ရောက်ကြပြီး ကျောင်းစာကြည့်တိုက်အတွက် စာအုပ်စာစောင်များ ပေးအပ်လှူဒါန်းကာ စာပေဖတ်ရှုလေ့လာခြင်း အကျိုးကျေးဇူးများဆိုင်ရာ ရှေးစာဆိုပညာရှင်များ၏ အဆိုအမိန့်များ၊ မူးယစ်ဆေးဝါးအန္တရာယ်၊ ကလေးအလုပ်သမားပပျောက်ရေး၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေးနှင့် လူငယ်ရေးရာဆိုင်ရာ အသိပညာပေး နံရံကပ်စာစောင်များ ပြသဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ဘာမီသာ(ပခုက္ကူ)