တံတားဦးမြို့နယ်၌ သမဝါယအသင်းသားများစိုက်ပျိုးသည့် မိုးသီးနှံ ဝါဂွမ်းများစတင်ကောက်ယူ

တံတားဦး  စက်တင်ဘာ  ၂၂

တံတားဦးမြို့နယ် ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်တွင် ဝါသီးနှံ စီမံကိန်း၌ မိုးဝါနှင့် မိုးနှောင်းဝါ စုစုပေါင်း ဧက (၉၀၀)အား  အခြေခံသမဝါယမအသင်း(၉)သင်းတွင် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ယခုအခါမိုးသီးနှံများဝါပွင့်များ စတင်ကောက်ယူရာတွင် ဝါဂွမ်းအရည်အသွေးကောင်းမွန်မှုရှိပြီး ဈေးကောင်းရရှိရေးကိုလည်း မျှော်လင့်မိပါကြောင်း ဝါစိုက်တောင်သူများထံမှသိရသည်။

တံတားဦးမြို့နယ် ချောင်းပတ်ကျေးရွာ ကံ့ကော်စိုက်ပျိုးရေးနှင့် အထွေထွေလုပ်ငန်းမှ အသင်းသားတောင်သူ ဦးဆန်းအောင်၏ ဝါစိုက်ခင်းတစ်ဧကခွဲတွင် မိုးဝါသီးနှံစီမံကိန်းဝါဂွမ်းများ ခူးဆွတ်ကောက်ယူထွက်ရှိမှုအား  တိုင်းဒေသကြီး သမဝါယမဦးစီးဌာန ညွှန်ကြားရေးမှူး ဦးထွန်းဇော်ဦးနှင့် တာဝန်ရှိသူများ ယနေ့နံနက်(၉)နာရီက ကွင်းဆင်းကြည့်ရှု အားပေးသည်။

အဆိုပါ ဝါဂွမ်းစိုက်ခင်းမှာ  ပထမအကြိမ်ကောက်ယူရာတွင်  ဝါပိဿာချိန်(၁၂၈)ပိဿာထွက်ရှိကြောင်း၊ ထွက်ရှိသည့် ဝါဂွမ်းများသည် အရည်အသွေးကောင်းမွန်ပြီး   ဝါဂွမ်း(၁)ပိဿာလျှင် ငွေကျပ်၃၀၀၀၀ ရရှိကြောင်းသိရသည်။

ရဲတင့်( ပြန်/ဆက်)