ကော့သောင်း စက်တင်ဘာ ၂၂
တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းခရိုင်ကော့သောင်းမြို့တွင် တိုင်းရင်းသားစာပေ နှင့် ယဉ်ကျေးမှုဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်ခဲ့သည့် ရုရှားဘာသာစကားအခြေခံသင်တန်း အမှတ်စဉ်(၂)သင်တန်းဆင်းပွဲကို ယနေ့နံနက်ပိုင်းတွင် ကော့သောင်းမြို့ မဉ္ဇူသကခန်းမတွင် ကျင်းပသည်။
အခမ်းအနားတွင် တိုင်းရင်းသားရေးရာဝန်ကြီးဦးစောမာတင်လူသာက ယခု သင်တန်းသည် မိမိတို့၏ ဒေသအတွင်း ဖွံ့ဖြိုးတိုးတက်လာမည့် ခရီးသွားလုပ်ငန်းများနှင့် ဒေသလိုအပ်ချက် များအတွက် များစွာအထောက်အကူဖြစ်မည်ဟု ယုံကြည်ပါကြောင်း၊ ခရီးသွားလုပ်ငန်းများ (Tourism Fndustry) သည် နိုင်ငံတစ်နိုင်ငံ၏ စီးပွားရေး၊ လူမှုရေး၊ ယဉ်ကျေးမှု၊ ပတ်ဝန်းကျင်နှင့် နိုင်ငံရေးအပေါ် သက်ရောက်မှုရှိသည့် အရေးကြီးသော လုပ်ငန်းတစ်ခုဖြစ်ပါကြောင်း၊ ထို့ပြင် ဒေသအတွင်းရှိ ဟိုတယ်၊ စားသောက်ဆိုင်၊ ယာဉ်၊ ဒေသထွက် အမှတ်တရ ကုန်ပစ္စည်းများနှင့် ဧည့်လမ်းညွှန်များအတွက် အလုပ်အကိုင်များ ဖန်တီးပေးနိုင်သည့်အပြင် နိုင်ငံခြားဝင်ငွေ ဖြစ်ပေါ်လာခြင်း (foreign exchange earnings) ရရှိလာပြီး ဒေသအတွင်း စီးပွားရေးလုပ်ငန်း တိုးတက်လာမည်ဖြစ်ပါကြောင်း၊ ခရီးသွားလာမှုကြောင့် လူမျိုး၊ ဘာသာ မတူသူများ ယဉ်ကျေးမှု ဖလှယ်ရရှိနိုင်ရေး၊ လူမျိုး၊ဘာသာများအပေါ် နားလည်မှု တိုးတက်စေခြင်း၊ နားလည်မှုရှိ လာမည့်အပြင် ခရီးသွားလုပ်ငန်းဖြင့် နိုင်ငံတကာ ဆက်ဆံရေးကို တိုးတက်လာစေမည် ဖြစ်ပါကြောင်း၊ ခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရန်အတွက် မိမိတို့ တိုင်းရင်းသားရေးရာ ဝန်ကြီးဌာနမှာလည်း ဒေသခံတိုင်းရင်းသားလူငယ်များ၏ အခွင့်အရေးများ မဆုံးရှုံး စေရန်နှင့် HR (Human Resources) လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက် အကူပြု သင်တန်းများ ဖွင့်လှစ်ရခြင်းဖြစ်ပါကြောင်း ပြောကြားသည်။
ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးက သင်တန်းနည်းပြဆရာမ ဒေါ်ဥမ္မာမျိုးအား ဂုဏ်ပြုမှတ်တမ်းလွှာချီးမြှင့်ပေးအပ်၍ သင်တန်းသား/သင်တန်းသူများအား သင်တန်းဆင်း အောင်လက်မှတ်များပေးအပ်သည်။
ဆက်လက်၍ စစ်ဗျူဟာအဖွဲ့(အခြေချ)ကော့သောင်းမှ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး ဟန်လင်းအောင်၊ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ၊ ဥက္ကဋ္ဌ ဦးရဲမြတ်တင့်၊ အတွင်းရေးမှူး ခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီး ခင်နိုင်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးနိုင်လင်းထက်တို့က သင်တန်းသား၊သင်တန်းသူများအား သင်တန်းဆင်းအောင်လက်မှတ်ပေးအပ်ခဲ့ကြသည်။ ထို့နောက် ရုရှားဘာသာစကားအခြေခံသင်တန်းအမှတ်စဉ်(၂) သင်တန်းသား/သင်တန်းသူများကိုယ်စား သင်တန်းသားတစ်ဦးမှ ကျေးဇူးတင်စကား ပြောကြားခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)