ဖြူးမြို့နယ်အတွင်းရှိ ငလျင်ဒဏ်ကြောင့် ထိခိုက်ခံခဲ့ရသည့် အိမ်ထောင်စုများအတွက် (၁)စုလျှင် (၄)သိန်းကျပ်စီ ကူညီပေးအပ်

ဖြူး စက်တင်ဘာ ၂၁

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်တွင် ၂၀၂၅ ခုနှစ်၊ မတ်လ ၂၈ရက်နေ့က လှုပ်ခတ်ခဲ့သည့် အင်အားပြင်း မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ခံခဲ့ရသည့် အိမ်ထောင်စုများအား ပြန်လည်ထူထောင်ရေးဆိုင်ရာ အကူအညီပေးရေးအစီအစဉ်အရ ဂျာမဏီနိုင်ငံ ကြက်ခြေနီအသင်း၊ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီနှင့်လခြမ်းနီများ ဖက်ဒရေးရှင်း၊ မြန်မာနိုင်ငံကြက်ခြေနီအသင်းတို့ပူးပေါင်း၍​ ငွေသားကူညီပေးအပ်ခြင်းကို ယမန်နေ့ နံနက်(၉)နာရီချိန်က ​ဖြူးသာသနာ့ဗိမာန်တွင် ကျင်းပခဲ့ကြောင်း သိရသည်။

ထိုသို့ ကူညီပေးအပ်ရာတွင် ဖြူးမြို့နယ်အတွင်း ငလျင်ဒဏ်သင့်ခဲ့သည့် အိမ်ထောင်စု (၆၀)စုအတွက် တစ်အိမ်​​ထောင်လျှင် ငွေကျပ်(၄)သိန်းကျပ်နှုန်းဖြင့် အိမ်ထောင်စု(၁)စုချင်းစီအလိုက် အိမ်ထောင်ဦးစီးများလက်ဝယ်အရောက် တာဝန်ရှိသူများကပေးအပ်ခဲ့ကြောင်း သိရသည်။

နေမျိုးလွင် (ပြန်/ဆက်)