တိုင်းဒေသကြီးဝန်ကြီးချုပ် ငါးသိုင်းချောင်းမြို့နှင့် လေးမျက်နှာမြို့တွင် ယာယီနေရပ်စွန့်ခွာပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ်ပြုလုပ်ပေးအပ်ခြင်းနှင့် ဆန်၊ ဆီ ထောက်ပံ့ပေးအပ်ပွဲအခမ်းအနားသို့ တက်ရောက်

ပုသိမ် စက်တင်ဘာ ၂၁

ဧရာဝတီတိုင်းဒေသကြီး၊ ငါးသိုင်းချောင်းမြို့နှင့် လေးမျက်နှာမြို့တို့၌ ယာယီနေရပ်စွန့်ခွာပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ်ပြုလုပ်ပေးခြင်းနှင့် ဆန်၊ ဆီ ထောက်ပံ့ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းကပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် တာဝန်ရှိသူများနှင့်အတူ တက်ရောက်၍ နိုင်ငံသားစိစစ်ရေးကတ်များ၊ ဆန်၊ ဆီများပေးအပ်ခဲ့သည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ငါးသိုင်းချောင်းမြို့၊ အမျိုးသားခန်းမတွင်ပြုလုပ်သည့် ယာယီနေရပ်စွန့်ခွာပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ်ပြုလုပ်ပေးခြင်းနှင့် ဆန်၊ ဆီထောက်ပံ့ပေးအပ်ပွဲအခမ်းအနားသို့တက်ရောက်ခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က အမှာစကားပြောကြားသည်။

ထို့နောက် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးနှင့် တိုင်းဒေသကြီးအထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးတို့က ယာယီနေရပ်စွန့်ခွာဒေသများမှ ပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ်များ ဆောင်ရွက်ပေးနေမှုအခြေအနေများကို ရှင်းလင်းတင်ပြပြီးနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်၊ ဧရာဝတီတိုင်းဒေသကြီး မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ နာယက၊ တိုင်းဒေသကြီးဝန်ကြီးချုပ်၏ဇနီးနှင့် တာဝန်ရှိသူများသည် အကြမ်းဖက်ဖြစ်စဉ်များကြောင့် ယာယီနေရပ်စွန့်ခွာပြည်သူများအတွက် ဆန်၊ ဆီများထောက်ပံ့ပေးအပ်ခဲ့သည်။

ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ယာယီနေရပ်စွန့်ခွာပြည်သူများအနက် နိုင်ငံသားစိစစ်ရေးကတ်မရှိသော ပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ်များ ဆက်လက်ပေးအပ်ခဲ့ကာ ယာယီနေရပ်စွန့်ခွာပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ်ရရှိရေး ဆောင်ရွက်ပေးနေမှုများကို ကြည့်ရှုအားပေးခဲ့ကြောင်းသိရသည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် လေးမျက်နှာမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင်ပြုလုပ်သည့် ယာယီနေရပ်စွန့်ခွာပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ်ပြုလုပ်ပေးခြင်းနှင့် ဆန်၊ ဆီထောက်ပံ့ပေးအပ်ပွဲအခမ်းအနားတက်ရောက်ခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က နိုင်ငံသားစိစစ်ရေးကတ်များ ကိုင်ဆောင်ရရှိရေးအတွက် ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ယာယီနေရပ်စွန့်ခွာပြည်သူများအား နိုင်ငံတော်က အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုရန်ပုံငွေမှ လူတစ်ဦးကို တစ်လလျှင် (၂)သောင်းနှုန်းဖြင့် ထောက်ပံ့ပေးအပ်လျက်ရှိပါကြောင်း၊ တာဝန်ရှိသူများအနေဖြင့် ယာယီနေရပ် စွန့်ခွာလာသူများတွင် ကျောင်းနေအရွယ်ကလေးများအားလုံး ရာနှုန်းပြည့်ကျောင်းတက်ရောက်နိုင်ရေး၊ တက္ကသိုလ်ဝင်စာမေးပွဲအောင်ချက်မြင့်မားရေးနှင့် ယာယီနေရပ်စွန့်ခွာဒေသများမှ ကျောင်းသား၊ ကျောင်းသူများ ဝင်ရောက်ဖြေဆိုနိုင်ရေး ဆောင်ရွက်ပေးရန်လိုပါကြောင်း၊ အသက်၁၈နှစ်ပြည့်ပြီးသူတိုင်း နိုင်ငံသားစိစစ်ရေးကတ်များရရှိ‌ရေးအတွက် ဆောင်ရွက်ပေးရန်လိုကြောင်း” အမှာစကားပြောကြားသည်။

ဆက်လက်၍ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးနှင့် တိုင်းဒေသကြီးအထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးတို့က ယာယီနေရပ်စွန့်ခွာဒေသများမှ အသက်(၁၈)နှစ်ပြည့်ပြီးတိုင်း မဲပေးနိုင်ရေးအတွက် နိုင်ငံသားစိစစ်ရေးကတ်များ ဆောင်ရွက်ပေးနေမှုအခြေအနေများကို ရှင်းလင်းတင်ပြကြသည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် ယာယီနေရပ်စွန့်ခွာပြည်သူများအား ဆန်၊ ဆီများပေးအပ်ခြင်းနှင့် ယာယီနေရပ်စွန့်ခွာပြည်သူများအနက် နိုင်ငံသားစိစစ်ရေးကတ်မရှိသော ပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ်များ ဆက်လက်ပေးအပ်ခဲ့ပြီးနောက် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ တာဝန်ရှိသူများက ယာယီနေရပ်စွန့်ခွာပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ်ရရှိရေး ဆောင်ရွက်ပေးနေမှုများကို ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

လှမင်းထွဋ် (ပြန်/ဆက်)