ပုသိမ် စက်တင်ဘာ ၂၁
ဧရာဝတီတိုင်းဒေသကြီးကုသရေးဦးစီးဌာန၊ ပုသိမ်မြို့ပြည်သူ့ဆေးရုံကြီးနှင့် ဟင်္သာတမြို့ပြည်သူ့ဆေးရုံကြီးမှ အထူးကုဆရာဝန်ကြီးများက ငါးသိုင်းချောင်းမြို့ပြည်သူ့ဆေးရုံ၊ လေးမျက်နှာမြို့ ပြည်သူ့ဆေးရုံတို့တွင် ဒေသခံပြည်သူများအား ယမန်နေ့နံနက်ပိုင်းက ကျန်းမာရေးစောင့်ရှောက်မှုများကို ဆောင်ရွက်ပေးခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် တာဝန်ရှိသူများနှင့်အတူ သွားရောက်ကြည့်ရှုအားပေးပြီး စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့သည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ငါးသိုင်းချောင်းမြို့ပြည်သူ့ဆေးရုံတွင် ဆေးလာရောက် ကုသသည့် ဒေသခံပြည်သူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်အားပေးခဲ့ပြီး ပုသိမ်ပြည်သူ့ဆေးရုံကြီးမှ သွားနှင့်ခံတွင်းအထူးကုဆရာဝန်ကြီး၊ နားနှာခေါင်းလည်ချောင်းအထူးကုဆရာဝန်ကြီး၊ သားဖွားမီးယပ်အထူးကုဆရာဝန်ကြီး၊ ဓာတ်မှန်/အာထရာဆောင်း အထူးကုဆရာဝန်ကြီး၊ မျက်စိအထူးကု ဆရာဝန်ကြီး၊ အထွေထွေရောဂါကုသမားတော်ကြီး၊ အရိုးအထူးကုဆရာဝန်ကြီး၊ ခွဲစိတ်အထူး ကုဆရာဝန်ကြီး၊ ကလေးအထူးကုဆရာဝန်ကြီး၊ ပြန်လည်သန်စွမ်းရေးအထူးကုဆရာဝန်ကြီးများက ပြည်သူများအား အခမဲ့ကျန်းမာရေးစောင့်ရှောက်ပေးနေမှုများကို ကြည့်ရှုအားပေးပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်ဇနီးတို့က အထူးကုဆရာဝန်ကြီးများအား အမှတ်တရလက်ဆောင်ပစ္စည်းများနှင့် ဆေးလာရောက်ကုသသည့်လူနာများအား စားဆီနှင့်စားသောက်ဖွယ်ရာများပေးအပ်ခဲ့သည်။ အထူးကုဆရာဝန်ကြီးများမှ ထိုသို့ကုသပေးခဲ့ရာတွင် အထွေထွေရောဂါကုသလူနာ(၃၁၀) ဦး၊ မျက်စိရောဂါကုသလူနာ(၁၄၂) ဦး၊ အရိုး၊အကြော၊အဆစ်လူနာ (၁၃၄) ဦး၊ ခွဲစိတ်လူနာ(၉၆) ဦး၊ ကလေးလူနာ(၇၆) ဦး၊ ပြန်လည်သန်စွမ်းရေးလူနာ (၆၅) ဦး၊ သားဖွားမီးယပ်လူနာ(၄၀) ဦး၊ နား၊ နှာခေါင်း၊ လည်ချောင်း လူနာ (၅၁) ဦး၊ သွားနှင့်ခံတွင်းလူနာ(၁၂၂) ဦး စုစုပေါင်းလူနာ(၁၀၃၆) ဦး အား အခမဲ့ကုသပေးခဲ့ကြောင်း၊ အသေးစားခွဲစိတ်မှု (၅) ဦး ပြုလုပ်ခဲ့ကြောင်း၊ ဆီးချိုစစ်ဆေးခြင်း (၂၄၂) ဦး၊ အီးစီဂျီ ရိုက်ခြင်း (၅၁) ဦး၊ ဓာတ်မှန်ရိုက်ခြင်း (၆၂) ဦး၊ တယ်လီဗေးရှင်းဓာတ်မှန်ရိုက်ခြင်း (၄၀) ဦး ပြုလုပ်ပေးခဲ့ပါကြောင်းနှင့် ပုသိမ်ဆေးရုံကြီးသို့ လူနာ (၇၄) ဦး ညွှန်းပို့ခဲ့ကြောင်း သိရသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဟင်္သာတဆေးရုံအုပ်ကြီး ဦးဆောင်သော ဟင်္သာတပြည်သူ့ဆေးရုံကြီးမှ အထွေထွေရောဂါကုသမားတော်၊ မျက်စိအထူးကုဆရာဝန်ကြီး၊ အကြောအဆစ်နှင့်ကိုယ်အင်္ဂါ ပြန်လည်သန်စွမ်းရေးအထူးကုဆရာဝန်၊ ကလေးအထူးကုဆရာဝန်၊ နား၊ နှာခေါင်း၊ လည်ချောင်း အထူးကုဆရာဝန်တို့က လေးမျက်နှာမြို့နယ်ပြည်သူ့ဆေးရုံတွင် ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုပေးနေမှုများကို ကြည့်ရှုအားပေးပြီး ဆေးလာရောက်ကုသသည့် ဒေသခံပြည်သူများအား အာဟာရဖြည့်စားသောက်ဖွယ်ရာများပေးအပ်ခဲ့ကာ ရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့သည်။ အထူးကုဆရာဝန်ကြီးများမှ ထိုသို့ကုသပေးခဲ့ရာတွင် အထွေထွေရောဂါကုသလူနာ(၁၀၈) ဦး၊ မျက်စိရောဂါကုသလူနာ(၂၃) ဦး၊ ကလေးလူနာ(၃၅) ဦး၊ အကြောအဆစ်နှင့် ကိုယ်အင်္ဂါပြန်လည် သန်စွမ်းရေးလူနာ (၄၈) ဦး၊ နား၊ နှာခေါင်း၊ လည်ချောင်း လူနာ (၁၈) ဦး စုစုပေါင်းလူနာ (၂၃၂) ဦးအား အခမဲ့ကုသပေးခဲ့ကြောင်း၊ ဆီးချိုစစ်ဆေးခြင်း (၁၉၇) ဦး၊ အီးစီဂျီ ရိုက်ခြင်း (၆၀) ဦး ပြုလုပ်ပေးခဲ့ပါကြောင်းနှင့် ဟင်္သာတပြည်သူဆေးရုံကြီးသို့ လူနာ (၈) ဦး ညွှန်းပို့ခဲ့ကြောင်း သိရသည်။
လှမင်းထွဋ်(ပြန်/ဆက်)