မြန်မာနိုင်ငံခရစ်ယာန်ဂိုဏ်းပေါင်းစုံ ငြိမ်းချမ်းရေးအထောက်အကူပြု ဗဟိုကော်မတီငြိမ်းချမ်းရေးအတွက် အထူးဆုတောင်းခြင်းအခမ်းအနား လွိုင်ကော်တွင် ပြုလုပ်

လွိုင်ကော် စက်တင်ဘာ ၂၁

မြန်မာနိုင်ငံ ခရစ်ယာန်ဂိုဏ်းပေါင်းစုံငြိမ်းချမ်းရေးအထောက်အကူပြု ဗဟိုကော်မတီမှကြီးမှူးပြီး ကယားပြည်နယ်တည်ငြိမ်အေးချမ်း၍ ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ ငြိမ်းချမ်းရေးအတွက် အထူးဆုတောင်းခြင်းအခမ်းအနားကို ယမန်နေ့မွန်းလွဲပိုင်းက လွိုင်ကော်မြို့၊ သီရိဒေါနှစ်ခြင်း ခရစ်ယာန် အသင်းတော်ခန်းမဆောင်၌ ပြုလုပ်ရာ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ ဗဟိုအကြံပေးအဖွဲ့ အဖွဲ့ခေါင်းဆောင် ဦးစောထွန်းအောင်မြင့်နှင့်အဖွဲ့ဝင်များ၊  ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်၊  မြန်မာနိုင်ငံခရစ်ယာန်အသင်းတော်များကောင်စီဥက္ကဋ္ဌ သာသနာပိုင်ချုပ်ကြီး စတီဗင်သန်းမြင့်ဦး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ခရစ်ယာန်အသင်းတော် အသီးသီးမှ ဓမ္မဝန်ဆောင် ဆရာတော်များနှင့်အသင်းသူ အသင်းသားများ တက်ရောက်ကြသည်။

အခမ်းအနားအား မြန်မာနိုင်ငံခရစ်ယာန်ဂိုဏ်းပေါင်းစုံ ငြိမ်းချမ်းရေးအထောက်အကူပြုဗဟို ကော်မတီအဖွဲ့ဝင် သိက္ခာရဆရာတော် စောစံအောင်က အဖွင့်ဆုတောင်းသည်။

ထို့နောက် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ ဗဟိုအကြံပေးအဖွဲ့ အဖွဲ့ခေါင်းဆောင်နှင့် ပြည်နယ်ဝန်ကြီးချုပ်အမှူးပြုသော ဧည့်ပရိသတ်များက ဓမ္မသီချင်းအား သီဆိုကြပြီး သီရိဒေါနှစ်ခြင်းခရစ်ယာန်အသင်းတော်မှ အသင်းအုပ် သိက္ခာရဆရာတော် ဒေါက်တာ ခူးရယ်ကျော်ထူးက ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားခဲ့သည်။

ဆက်လက်၍ မြန်မာနိုင်ငံခရစ်ယာန်ဂိုဏ်းပေါင်းစုံ ငြိမ်းချမ်းရေးအထောက်အကူပြုဗဟို ကော်မတီနာယက၊ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ ဗဟိုအကြံပေးအဖွဲ့အဖွဲ့ ခေါင်းဆောင် ဦးစောထွန်းအောင်မြင့်က အဖွင့်အမှာစကားပြောကြားရာတွင် နိုင်ငံတစ်နိုင်ငံ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးသည် နိုင်ငံအတွင်းနေထိုင်ကြသည့် ပြည်သူများ၏ စည်းလုံးညီညွတ်မှုနှင့် တိုက်ရိုက်အချိုးကျပါကြောင်း၊ တစ်ဦးနှင့်တစ်ဦး ညီအစ်ကို မောင်နှမစိတ် မွေးမြူကာငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်နိုင်ရေးသည် အလွန်အရေးကြီးပါကြောင်း၊ သမ္မာ ကျမ်းစာများတွင် တစ်ဦးနှင့်တစ်ဦး အပြန်အလှန်လေးစားမှု၊ အမုန်းတရား မထားရှိဘဲ ငြိမ်းချမ်းစွာနေထိုင်ရန် ဆုံးမထားရှိပါကြောင်း၊ ယခုကဲ့သို့ ဆုတောင်းပွဲများ ပြုလုပ်ခြင်းဖြင့် မိမိတို့မျှော်မှန်းထားသည့် ငြိမ်းချမ်းခြင်း၏ အကျိုးကျေးဇူးကို မလွဲမသေခံစားရရှိမည်ဖြစ်ပါကြောင်း စသည်ဖြင့် ပြောကြား ခဲ့သည်။ ထို့နောက် သီရိဒေါနှစ်ခြင်းခရစ်ယာန်အသင်းသူ အသင်းသားများက ကွာယာဓမ္မသီချင်း သီဆိုချီးမွမ်းခဲ့သည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်က အမှာစကားပြောကြားရာတွင် ငြိမ်းချမ်းရေးသည်  လူသားအားလုံးအတွက် တန်ဖိုးဖြတ်၍ မရနိုင်ပါကြောင်း၊ ငြိမ်းချမ်းရေးတည်ဆောက်နိုင်ပါက မျိုးဆက်သစ်များနှင့် နိုင်ငံတော်၏ အနာဂတ် ဖွံ့ဖြိုးတိုးတက်မှုအထိ အထောက်အကူပြုမည်ဖြစ်ပါကြောင်း၊ ပြည်သူများ၏ လူမှုစီးပွားဘဝများ ထိခိုက်နစ်နာခဲ့သော်လည်း ပြည်နယ်အစိုးရအဖွဲ့နှင့်ပြည်သူများ လက်တွဲညီညီ ပူးပေါင်းဆောင်ရွက်ခဲ့မှုကြောင့် ယခုအချိန်တွင် ပြန်လည်တည်ငြိမ်အေးချမ်းလာပြီဖြစ်၍  မူလအခြေအနေနီးပါး လည်ပတ်လုပ်ကိုင် ဆောင်ရွက်နေပြီဖြစ်ပါကြောင်း၊ မိမိတို့ပြည်နယ်အနေဖြင့် ယခုအချိန်တွင် ဖွံ့ဖြိုးတိုးတက်မှုနှင့် ငြိမ်းချမ်းမှုအခွင့်အလမ်းများရရှိရန်အတွက် အားလုံးက ချစ်ခြင်းမေတ္တာ စေတနာအပြည့်ဖြင့် အကောင်းဆုံးတည်ဆောက်နိုင်ကြစေလိုကြောင်း စသည်ဖြင့် ပြောကြားခဲ့သည်။

ထို့နောက် မြန်မာနိုင်ငံဧဝံဂေလိခရစ်ယာန်မဟာမိတ်အဖွဲ့ချုပ် ဥက္ကဋ္ဌ သိက္ခာရဆရာတော် ဒေါက်တာ အေးမင်းက ငြိမ်းချမ်းရေးအတွက် ဓမ္မဒေသနာအား ချီးမွမ်းပြောကြားခဲ့သည်။ ဆက်လက်၍ မြန်မာနိုင်ငံခရစ်ယာန်ဂိုဏ်းပေါင်းစုံငြိမ်းချမ်းရေးအထောက်အကူပြု ဗဟိုကော်မတီ အဖွဲ့ဝင် သိက္ခာရ ဆရာတော်များက ကျေးဇူးတော်ချီးမွမ်းခြင်းသီချင်းအား သီဆိုခဲ့ကြပြီး မြန်မာနိုင်ငံခရစ်ယာန် အသင်းတော်များကောင်စီဥက္ကဋ္ဌ သာသနာပိုင်ချုပ်ကြီး စတီဗင်သန်းမြင့်ဦးက ငြိမ်းချမ်းရေးအတွက် အထူးဆုတောင်းပေးခဲ့ပြီး ဂိုဏ်းထောက်ကြီး ဘဲစိန်က ဆုတောင်းစာအား ဖတ်ကြားခဲ့သည်။

ဆက်လက်၍ မြန်မာနိုင်ငံခရစ်ယာန်ဂိုဏ်းပေါင်းစုံငြိမ်းချမ်းရေးအထောက်အကူပြု ဗဟိုကော်မတီ နာယက၊ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ ဗဟိုအကြံပေးအဖွဲ့ အဖွဲ့ခေါင်းဆောင် ဦးစောထွန်းအောင်မြင့်က နိဂုံးချုပ်အမှာစကားပြောကြားခဲ့ပြီး လွိုင်ကော်နှစ်ခြင်း ခရစ်ယာန်အသင်းသူ အသင်းသားများက ဓမ္မသံစုံ သီဆို၍ ကျေးဇူးတော်အား ချီးမွမ်းခဲ့ကြသည်။

ထို့နောက် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီဗဟိုအကြံပေးအဖွဲ့ အဖွဲ့ခေါင်းဆောင်နှင့် ပြည်နယ်ဝန်ကြီးချုပ်အမှူးပြုသော ဧည့်ပရိသတ်များက ဓမ္မတေးသီချင်းအား သီဆိုခဲ့ကြပြီး လွိုင်ကော်နှစ်ခြင်းခရစ်ယာန်အသင်းတော်မှ အသင်းအုပ်သိက္ခာရ ဆရာတော် စောလားပွယ်နေမူးက ကောင်းချီးဆုတောင်းပေးကာ အခမ်းအနားအောင်မြင်စွာရုပ်သိမ်းခဲ့ကြောင်း သိရသည်။

ပြည်နယ်(ပြန်/ဆက်)