ပြည်မြို့နယ် (၁၂)ကြိမ်မြောက် စူဠဘွဲ့နှင်းသဘင်အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး ဒေါ်စိုးစိုးသက် တက်ရောက်ဂုဏ်ပြုပူဇော် ကောင်းမှုကုသိုလ်များပြုလုပ်

ပြည် စက်တင်ဘာ ၂၁

ပဲခူးတိုင်းဒေသကြီး(အနောက်ပိုင်း)၊  ပြည်မြို့နယ် စာဖြေဌာနမှ ၂၀၂၄ ခုနှစ်(စာသင်နှစ်)တွင် ဓမ္မာစရိယစာမေးပွဲ၊ ပါဠိပထမပြန်စာမေးပွဲ၊ နိကာယ်စာမေးပွဲ၊ အဘိဓမ္မာနှင့် ဝိသုဒ္ဓိမဂ်စာမေးပွဲတို့အား ဖြေဆိုအောင်မြင်တော်မူကြသော သံဃာတော်များ၊ သီလရှင်များနှင့် လူပုဂ္ဂိုလ်များကို ချီးကျုးဂုဏ်ပြုပူဇော်သည့် (၁၂)ကြိမ်မြောက် စူဠဘွဲ့နှင်းသဘင်အခမ်းအနားကို ယမန်နေ့ညနေ ၃ နာရီက ပြည်မြို့ ဝင်္ကဘာတောရကျောင်းတိုက်ဓမ္မာရုံတော်၌ ကျင်းပရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး ဒေါ်စိုးစိုးသက်တို့ တက်ရောက်ဂုဏ်ပြုပူဇော် ကောင်းမှုကုသိုလ်များပြုလုပ်သည်။

ဦးစွာ နမောတဿသုံးကြိမ်ရွတ်ဆိုဘုရားကန်တော့၍ အခမ်းအနားစတင်ဖွင့်လှစ်ခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဧည့်ပရိတ်သတ်အပေါင်းတို့က ပြည်မြို့၊ ဝင်္ကဘာတောရကျောင်းတိုက် ဦးစီးပဓာနနာယကဆရာတော် "ဂန္ထဝါစကပဏ္ဍိတ" "မဟာသဓမ္မဇောတိကဓဇ" ဒေါက်တာဘဒ္ဒန္တဩဘာသထံမှ ငါးပါးသီလခံယူဆောက်တည်ကြသည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က သာသနာရေးဆိုင်ရာများ လျှောက်ထားကာ စူဠဘွဲ့နှင်းသဘင်အတွက် အလှူတော်ငွေကျပ်သိန်း(၁၀၀)ကို တာဝန်ရှိသူတစ်ဦးထံ ပေးအပ်လှူဒါန်းခဲ့ပြီး စာအောင်သံဃာတော်နှင့် သီလရှင်များထံ စာအောင်ဆုတော်ဝတ္ထုနှင့် အောင်လက်မှတ်များ ဆက်ကပ်လှူဒါန်းခဲ့သည်။

ဆက်လက်၍ အကြည်ညိုခံဆရာတော်ကြီးများထံ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဇနီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများက လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။

ယင်းနောက် လှူဒါန်းမှုအစုစုတို့အတွက် ဝင်္ကဘာတောရကျောင်းတိုက်ဆရာတော်ကြီးက အနုမောဒနာတရားချီးမြှင့်တော်မူပြီး ဝေနေယျသတ္တဝါအပေါင်းတို့အား ရေစက်သွန်းချအမျှပေးဝေခဲ့ကြကာ ဗုဒ္ဓသာသနံစိရံတိဌတုသုံးကြိမ်ရွတ်ဆို၍ အခမ်းအနားရုပ်သိမ်းခဲ့သည်။

ယနေ့ကျင်းပသည့် ပြည်မြို့နယ်၏ ၂၀၂၄ ခုနှစ် (စာသင်နှစ်)အတွက် စူဠဘွဲ့နှင်းသဘင်အခမ်းအနားတွင် စာအောင်သံဃာတော်များနှင့် သီလရှင်ဆရာကြီး/ဆရာလေး စုစုပေါင်း(၂၉၇)ပါးနှင့် လူပုဂ္ဂိုလ်(၄၂)ဦးတို့အား အတန်းအလိုက်စာအောင်ဆုနှင့် အောင်လက်မှတ်များ ချီးမြှင့်လှူဒါန်းနိုင်ခဲ့ကြောင်း သိရသည်။

ကိုဆက် (ပြန်/ဆက်)