သဲကုန်းမြို့နယ်တွင် (ရတနာတိုး)မိုးစပါးစံကွက် ရိတ်သိမ်း တစ်ဧက(၁၂၅)တင်း ထွက်ရှိ

သဲကုန်း စက်တင်ဘာ ၂၁

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်တွင် သဲကုန်းမြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးယဉ်ထွေးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးအောင်ဝင်းနှင့် ဝန်ထမ်းများသည် စက်တင်ဘာလ  ၂၀ ရက် နေ့လယ်ပိုင်းက သဲကုန်းမြို့နယ်၊ အင်းမမြို့၊ ချားလျှားကုန်းအုပ်စု၊ ချားလျှားကုန်းကျေးရွာ ကွင်းအမှတ် (၉၇၅B) စံပယ်တောင်ကွင်း၊ ဦးပိုင်အမှတ်(၁၂၇)၊ တောင်သူ ဦးငွေသိန်း၏  မိုးစပါး (၅)ဧကတွင် မျိုးစေ့ချကိရိယာ(Drum Seeder) အသုံးပြု၍ အတန်းလိုက်အစေ့ချစနစ်ဖြင့် စိုက်ပျိုးထားသည့် ရတနာတိုး မိုးပါးစံကွက်ရိတ်သိမ်းဆောင်ရွက်နေမှုကို သွားရောက်ကြည့်ရှုအားပေးခဲ့သည်။

အဆိုပါ (ရတနာတိုး) မိုးစပါးစံကွက်ရိတ်သိမ်းရာ၌ တစ်ဧကလျှင် အစိုတင်း  ၁၂၅ တင်း၊ အခြောက်တင်း ၁၁၂ဒသမ  ၅တင်းထွက်ရှိခဲ့ကြောင်း၊ သဲကုန်းမြို့နယ်အနေဖြင့် ၂၀၂၅- ၂၀၂၆ ခုနှစ်၊ မိုးစပါးစိုက်ပျိုးရာသီ၌ မိုးစပါး (၈၂၆၁၀) ဧက စိုက်ပျိုးထားရှိပြီး မြို့နယ်စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းကြီးကြပ်မှုကော်မတီမှ လယ်ယာကဏ္ဍသီးနှံစိုက်ပျိုးထုတ်လုပ်မှု မြင့်မား တိုးတက်စေရန်နှင့် မိုးစပါးစိုက်ပျိုးထုတ်လုပ်မှု လျော့နည်းခြင်းမရှိစေရေး၊ ပန်းတိုင်အထွက်နှုန်း ကျော်လွန် ထွက်ရှိရေးအတွက် စိုက်ပျိုးနည်းစနစ်သင်တန်းများဖွင့်လှစ်ခြင်း၊ ကွင်းသရုပ်ပြသ ခြင်း၊ သွင်းအားစုများ ထောက်ပံ့ပေးခြင်း၊ သဘာဝမြေသြဇာနှင့် ဓာတ်မြေသြဇာရောစပ်ကြဲပက် ခြင်းများ၊ စပါးအထွက်နှုန်းတိုးတက်မြင့်မားစေရန်တောင်သူများအား နည်းပညာပေးခြင်း၊ မိုးစပါး စိုက်ပျိုးထုတ်လုပ်ရာတွင် စီးပွားရေးအရ တွက်ခြေကိုက်သည့် အထွက်နှုန်းမြင့်မားပြီး အရည်အသွေးကောင်းမွန်သော မျိုး​ကောင်းမျိုးသန့် စပါးမျိုးများအား တောင်သူများပိုမိုကျယ်ပြန့်စွာ စိုက်ပျိုးသွားနိုင်ရန် ရည်ရွယ်၍ ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

ကိုကျော် (ပြန်/ ဆက်)