ထားဝယ်ခရိုင်လူထုအခြေပြုဗဟိုဌာန၌ စာဖတ်ဝိုင်းဆွေးနွေးပွဲကျင်းပ

ထားဝယ် စက်တင်ဘာ ၂

ထားဝယ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စာရေးဆရာများ၊ Book Club အသင်းနှင့် စာပေချစ်မြတ်နိုးသူများပူးပေါင်း၍ စာရေးဆရာမ မစန္ဒာရေးသားသော အရိပ်စာအုပ်အား စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယမန်နေ့နံနက်ပိုင်းက ခရိုင်လူထုအခြေပြုဗဟိုဌာန၊ Community Centre ခန်းမ၌ ကျင်းပသည်။

ဆွေးနွေးပွဲတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်အေးအေးမော်က စာရေး ဆရာများ၊ စာပေချစ်မြတ်နိုးသူများပူးပေါင်း၍ စာဖတ်ဝိုင်းဆွေးနွေးပွဲအား ပြုလုပ်ပေးလျက်ရှိကြောင်း၊ စာရေးဆရာမမစန္ဒာ ရေးသားသောအရိပ် စာအုပ်သည်အနှစ်သာရရှိ သောစာအုပ်ဖြစ်ကြောင်း၊ စာအုပ်ထဲရှိအကြောင်းအရာများအား ဖတ်ရှုပြီးရှုထောင့် အမျိုးမျိုးဖြင့် ဝိုင်းဝန်းဆွေးနွေးပေးစေလိုကြောင်းနှင့် စာဖတ်ဝိုင်းပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်အား ဆွေးနွေး ပြောကြားသည်။

ထို့နောက် စာရေးဆရာဦးစိန်ဝင်း(ဖိုးရွှေသွန်း)က အရိပ်စာအုပ်ထဲရှိ အကြောင်းအရာများကိုဖတ်ရှု၍ စတင်ဆွေးနွေးပေးခဲ့ပြီး တက်ရောက်လာသော စာရေးဆရာများ၊ Book Club အသင်းဝင်များ၊ စာပေချစ်မြတ်နိုးသူများတို့က စာအုပ်ထဲရှိအကြောင်းအရာများကို ဖတ်ရှုကာစာပေရသ အတွေ့အကြုံများအား အပြန်အလှန်မျှဝေဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ထားဝယ်ခရိုင်(ပြန်/ဆက်)