ဟင်္သာတပြည်သူ့ဆေးရုံကြီးမှ အထူးကုဆရာဝန်ကြီးများက လေးမျက်နှာမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများအား ကွင်းဆင်းဆေးကုသပေး

လေးမျက်နှာ   စက်တင်ဘာ ၂

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်ပြည်သူ့ဆေးရုံ၌ ဟင်္သာတပြည်သူ့ဆေးရုံကြီးမှ အထူးကုဆရာဝန်ကြီးများသည် ဒေသခံပြည်သူများအား ဆေးကုသပေးနေမှုများကို ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်အဖွဲ့သည် ယမန်နေ့ နံနက်ပိုင်းက သွားရောက်ကြည့်ရှုအားပေးခဲ့သည်။

ဦးစွာ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းနှင့်အဖွဲ့သည် တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး၏ လမ်းညွှန်မှုဖြင့် ဟင်္သာတ ဆေးရုံအုပ်ကြီး ဦးဆောင်သော ဟင်္သာတပြည်သူ့ဆေးရုံကြီးမှ  အထွေထွေရောဂါကုသမားတော်၊ မျက်စိအထူးကုဆရာဝန်ကြီး၊ အကြောအဆစ်နှင့်ကိုယ်အင်္ဂါ ပြန်လည်သန်စွမ်းရေးအထူးကု ဆရာဝန်၊ ကလေးအထူးကုဆရာဝန်၊ နား၊ နှာခေါင်း၊ လည်ချောင်း အထူးကုဆရာဝန်တို့မှ အခမဲ့ဆေးကုသမှုပေးနေမှုများအား ကြည့်ရှုအားပေးခဲ့သည်။ 

ထိုသို့ကုသပေးခဲ့ရာတွင် အထွေထွေရောဂါကုသလူနာ(၁၀၈) ဦး၊ မျက်စိရောဂါကုသလူနာ(၂၃) ဦး၊ ကလေးလူနာ(၃၅) ဦး၊ အကြောအဆစ်နှင့် ကိုယ်အင်္ဂါပြန်လည် သန်စွမ်းရေးလူနာ (၄၈) ဦး၊ နား၊ နှာခေါင်း၊ လည်ချောင်း လူနာ (၁၈) ဦး စုစုပေါင်းလူနာ (၂၃၂) ဦးအား အခမဲ့ကုသပေးခဲ့ကြောင်း၊ ဆီးချိုစစ်ဆေးခြင်း (၁၉၇) ဦး၊ အီးစီဂျီ ရိုက်ခြင်း (၆၀) ဦး ပြုလုပ်ပေးခဲ့ပါကြောင်းနှင့် ဟင်္သာတ ပြည်သူဆေးရုံကြီးသို့ လူနာ (၈) ဦး ညွှန်းပို့ခဲ့ကြောင်း တာဝန်ရှိသူများထံမှ သိရသည်။

မြို့နယ်(ပြန်/ဆက်)