ကြံခင်းမြို့နယ် လူထုအခြေပြုဗဟိုဌာန၌ ပညာနှင့် ဘဝ အောင်မြင်ရေးလမ်းညွှန်စာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်

ကြံခင်း  စက်တင်ဘာ   ၂

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယမန်နေ့နံနက်(၁၁)နာရီက စာပေချစ်မြတ်နိုးသူများအသင်း Book Club, Women Club အဖွဲ့ဝင်များနှင့် စာရေးဆရာ ညီညီနိုင် ရေးသားသော “ပညာနှင့်ဘဝ အောင်မြင်ရေးလမ်းညွှန်” စာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်ခဲ့ သည်။

ရှေးဦးစွာ ကြံခင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Book Club အဖွဲ့ဝင် ဦးသိန်းစိုးက အဖွင့်အမှာစကားပြောကြားပြီး၊ မြို့နယ်ဦးစီးမှူး ဒေါ်ခင်မိုးမြင့်က စာဖတ်ဝိုင်းပြုလုပ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီးနောက် “အချိန်ကို စီမံခန့်ခွဲခြင်းနည်းပညာ” ခေါင်းစဉ်ဖြင့် ဆွေးနွေးပြောကြားသည်။ ဆက်လက်၍  Book Club အဖွဲ့ဝင် ဒေါ်လှလေးလခိုင်၊ ဒေါ်အိမြတ်မွန်၊ ဒေါ်စမ်းသီတာ၊ ဒေါ်တင်တင်လေးတို့က  “ပညာနှင့်ဘဝ အောင်မြင်ရေးလမ်းညွှန်” စာအုပ်ပါအကြောင်းအရာများဖြင့် အသီးသီးဆွေးနွေးကြပြီး တက်ရောက်လာကြသော Book Club, Women Club အဖွဲ့ဝင်များက စာအုပ်ပါအကြောင်းအရာများကို အပြန်အလှန်ဆွေးနွေးခဲ့ကြသည်။

ယင်းနောက် ဆွေးနွေးပွဲသို့ တက်ရောက်လာကြသူများမှ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် သုတရသစာအုပ်စာစောင်များ၊ မီးခိုးမြူငွေ့ အန္တရာယ်အသိပညာပေး နံရံကပ်စာစောင်များကို ကြည့်ရှုအားပေးခဲ့ကြသည်။ အဆိုပါစာဖတ်ဝိုင်းကို Book Club, Women Club အဖွဲ့ဝင် ၁၅ ဦးတက်ရောက် ဆွေးနွေးခဲ့ကြသည်။

ကြံခင်းမြို့နယ် ပြည်သူ့စာကြည့်တိုက် အနေဖြင့် လစဉ် Online မှ အသိပညာပေး Talk Show များပြုလုပ်ခြင်း၊ ရုံးချုပ်က လစဉ်ပေးပို့လာသည့် စာအုပ်အသစ်များဖြင့် စာဖတ်ပရိတ် သိရှိအောင်ကြော်ငြာပေးခြင်း၊ ပုံပြင်ပြောခြင်း၊ ကဗျာရွှတ်ဆိုခြင်းနှင့် လူငယ်များအသိပညာဗဟုတ ကြွယ်ဝ လာစေရန် အသိပညာပေးလုပ်ငန်းများကို စဉ်ဆက်မပြတ် ပြည်သူ့စာကြည့်တိုက် Face book page မှတဆင့် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ဖြိုးဝေလင်း(ပြန်/ဆက်)