ပန်းတနော် စက်တင်ဘာ ၂၁
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်၌ ကျောင်းသား/ ကျောင်းသူများအား အသိပညာပေး ဟောပြောပွဲ၊ နံရံကပ်စာစောင် ပြုလုပ်ပေးခြင်းကို စက်တင်ဘာ ၂၀ မင်းဆယ်ကျေးရွာအုပ်စု အခြေခံပညာမူလတန်းကျောင်း (လှိုင်းတာ)တွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ပြုလုပ်ခဲ့သည်။
ဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်ဌေးဌေးစိုးက ကျောင်းသား၊ ကျောင်းသူကလေးများ ဗဟုသုတရရှိစေရန် ရည်ရွယ်၍ မူးယစ်ဆေးဝါး အန္တရာယ်နှင့် မူးယစ်ဆေးဝါးသုံးစွဲခြင်းကြောင့် ဖြစ်ပေါ်လာမည့်ဆိုးကျိုးများ အကြောင်းကို ကျောင်းသား၊ ကျောင်းသူကလေးများနှင့် အမေး အဖြေပြုလုပ်ခြင်း၊ ကျောင်းသား/ကျောင်းသူများ နားလည်လွယ်အောင် ဥပမာပေးဇာတ်လမ်းများပြော၍ အသိပညာပေးဟောပြော ရှင်းပြပြီး၊ ကျောင်းသား/ကျောင်းသူများအား လိမ္မာရေးခြားရှိ၍ ကျောင်းစာကို ကြိုးစားသင်ယူရေး ကျောင်းနှင့် ပတ်သက်သည့် စာစီစာကုံးပြိုင်ပွဲ၊ ကဗျာရွတ်ဆိုမှုပြိုင်ပွဲများအတွက် လိုအပ်သည့် အချက်အလက်များ ရှာဖွေလိုပါကလည်း မြို့နယ်ပြည်သူ့ စာကြည့်တိုက်သို့ လာရောက်၍ စာကြည့်တိုက်ရှိစာအုပ်များတွင် ဖတ်ရှုမှတ်သား၍ရပါကြောင်း အသိပေးပြောကြားခဲ့သည်။
ထို့နောက် အဆိုပါကျောင်းခန်းတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသည့် မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေးနှင့် လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေးနံရံကပ်စာစောင်များအား ကျောင်းသား/သူလေးများက စိတ်ပါဝင်စားစွာ ဖတ်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)