(၆၁)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပြည်သူ့အကျိုးပြုစုပေါင်း လုပ်အားပေးပွဲဆောင်ရွက် ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးလိုက်လံကြည့်ရှုအားပေး

ဘားအံ စက်တင်ဘာ ၂၁

၂၀၂၅ ခုနှစ် အောက်တိုဘာလ ၁ ရက်နေ့တွင် ကျရောက်မည့် (၆၁)နှစ်မြောက် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကရင်ပြည်နယ်ရဲတပ်ဖွဲ့အနေဖြင့် သက်ဆိုင်ရာ ခရိုင်၊ မြို့နယ်၊ နယ်မြေရဲစခန်းအသီးသီးတွင် ပြည်သူ့အကျိုးပြုလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပြီး စက်တင်ဘာလ ၂၀ နံနက်ပိုင်းက ဘားအံမြို့၊ မြိုင်သဇင်ဘုန်းတော်ကြီးကျောင်းပရိဝုဏ်၌ ပြည်နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးအေးသိန်းဦးစီး၍ ပြည်သူ့အကျိုးပြု စုပေါင်းလုပ်အားပေးပွဲကို ဆောင်ရွက်ခဲ့ကြရာ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးနှင့်တာဝန်ရှိသူများ လိုက်လံကြည့်ရှုအားပေးခဲ့ကြသည်။

ထိုသို့ စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများဆောင်ရွက်ရာတွင် ကရင်ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံး၊ ပြည်နယ်ရဲအကူ တပ်ဖွဲ့ခွဲ၊ ဘားအံခရိုင်ရဲတပ်ဖွဲ့မှူးရုံး၊ အမှတ်(၂၂)လုံခြုံရေးရဲတပ်ဖွဲ့ခွဲ၊ ဘားအံမြို့နယ်ရဲတပ်ဖွဲ့မှူးရုံး၊ ဘားအံမြို့မ ရဲစခန်း၊ အမှတ်(၁၀)ယာဉ်ထိန်းရဲ ဒုတပ်ဖွဲ့ခွဲ၊ အမှတ်(၃၁)မူးယစ်ရဲတပ်ဖွဲ့စု၊  အမှတ်(၁၀)မှုခင်းရဲတပ်ဖွဲ့စု၊ အမှတ်(၄) သတင်းရဲတပ်ဖွဲ့၊ အမှတ်(၈)လူကုန်ကူးမှုတားဆီးနှိမ်နှင်းရေးရဲတပ်ဖွဲ့စုတို့မှ တပ်ဖွဲ့ဝင်များ၊ ဘားအံခရိုင်မီးသတ် တပ်ဖွဲ့နှင့် ဘားအံမြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့မှဝန်ထမ်းများသည် စွန့်ပစ်ပလက်စတစ် နှင့်အမှိုက်သရိုက်များ ဖယ်ရှားရှင်းလင်းခြင်း၊ ခြုံနွယ်ပိတ်ပေါင်းများအားခုတ်ထွင်ရှင်းလင်းခြင်း၊ ရေစီးရေလာကောင်းမွန်ရေးဆောင်ရွက်ခြင်း၊ အဆိုပါဘုန်းတော်ကြီးကျောင်းရှိ ဘုရား၊ စေတီ၊ ပုထိုးများ ရောင်တော်ဖွင့်ခြင်း၊ မီးသတ်ပိုက်များဖြင့် ‌ဆေးကြောသန့်စင်ခြင်း၊ သစ်ပင်သစ်ကိုင်း များခုတ်ထွင်ရှင်းလင်းခြင်း အစရှိသည့် စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများကို သန့်ရှင်းရေးလုပ်ငန်းသုံးပစ္စည်းကိရိယာများ၊ ယာဉ်ယန္တရားများအသုံးပြု၍ ဆောင်ရွက်ခဲ့ကြရာ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်ရဲတပ်ဖွဲ့မှူးရဲမှူးကြီးအေးသိန်း၊ ဒုရဲမှူးကြီးမောင်မောင်ဇော်နှင့် တာဝန်ရှိသူများ က လိုက်လံကြည့်ရှုအားပေးခဲ့ကြသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကရင်ပြည်နယ် အခြေခံပညာကျောင်းသားအားကစားပွဲတော် အမျိုးသမီးဘောလုံးပြိုင်ပွဲ ဘားအံမြို့နယ် အသင်းနှင့်ကော့ကရိတ်မြို့နယ်အသင်းတို့၏ ယှဉ်ပြိုင်ကစားနေမှုများကို ကြည့်ရှုအားပေးခဲ့ကြပြီး တာဝန်ရှိသူများအား လိုအပ်သည်များမှာကြားခဲ့သည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဘားအံ-လှိုင်းဘွဲကားလမ်းမကြီးဘေးရှိ မြေဧရိယာ (၂ ဒဿမ ၂၁ဧက)ပေါ်တွင်တည်ဆောက်ထားသောဈေးရုံပေါင်း ၁၆ ရုံ၊ဈေးဆိုင်ခန်းပေါင်း ၄၁၁ ခန်းရှိ အဆင့်မြင့်စံပြဈေး (မဲဘောင်)အား သွားရောက်ကြည့်ရှုစစ်ဆေးရာ ပြည်နယ်စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူး သူရမြင့်သူက ဈေးဆိုင်ရာအချက်အလက်များအား ရှင်းလင်းတင်ပြပြီး ဈေးသူဈေးသားများက ကူညီဖြည့်ဆည်းပေးစေလိုသည်များ အားတင်ပြဆွေးနွေးကြရာ ပြည်နယ်ဝန်ကြီးချုပ်က ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်သည် ဈေးအတွင်းအမှိုက်နှင့်စွန့်ပစ်ပစ္စည်းများစနစ်စွန့်ပစ်နိုင်ရေး၊ သန့်ရှင်းလတ်ဆတ်သည့် ဒေသထွက် အသား၊ ငါး၊ နို့၊ ဟင်းသီးဟင်းရွက်နှင့် ဥအမျိုးမျိုးတို့ကို စနစ် တကျ တည်ခင်းရောင်းချနိုင်ရေး၊ ဈေးအတွင်းအပြင် သန့်ရှင်းသပ်ရပ်မှုရှိစေရေး တာဝန်ရှိသူများအား မှာကြားကာ ဈေးသူ၊ဈေးသူများ၏ စားသောက်ကုန်၊ အဝတ်အထည်၊ လူသုံးကုန်နှင့် ကုန်ပစ္စည်းအမျိုးမျိုး ရောင်းဝယ်ဖောက်ကားမှုအခြေအနေများကို လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ကြသည်။

စောမျိုးမင်းသိန်း(ပြန်/ဆက်)