ရေတာရှည်မြို့နယ် ပညာရေးကော်မတီဥက္ကဋ္ဌဖလား အခြေခံပညာကျောင်းပေါင်းစုံနှင့် ကိုယ်ပိုင်ကျောင်းများချစ်ကြည်ရေးဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားကျင်းပ

ရေတာရှည် စက်တင်ဘာ ၂၁

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်၌ အားကစားနှင့်ကာယပညာကော်မတီဥက္ကဋ္ဌမှ ကြီးမှူး၍ ဘောလုံးအားကစား တိုးတက်မြင့်မားလာစေရန်၊ အရည်အသွေးကောင်းမွန်ပြီး လေ့ကျင့်မှုပြည့်ဝကာ ပြိုင်ပွဲအတွေ့အကြုံများ၊ နည်းစနစ်ကောင်းများနှင့်ပြည့်စုံ၍ ထူးချွန်ထက်မြက်သည့် လူငယ်အားကစားသမားကောင်းများ ပေါ်ထွက်လာစေရန်၊ ဒေသတွင်းမှ ပြည်သူများ ဘောလုံးအားကစားကို စိတ်ပါဝင်စားသူ များပြားလာစေရန်ရည်ရွယ်၍ ပညာရေးကော်မတီဥက္ကဋ္ဌဖလား အခြေခံပညာကျောင်းပေါင်းစုံနှင့် ကိုယ်ပိုင်ကျောင်းများ ချစ်ကြည်ရေးဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားကို ယမန်နေ့မွန်းလွဲ(၃) နာရီအချိန်က မြို့မအားကစားကွင်း၌ ကျင်းပဆောင်ရွက်ခဲ့ကြသည်။

မြို့မအားကစားကွင်းအတွင်း၌ စက်တင်ဘာ(၄)ရက်နေ့မှစတင်၍ အုပ်စုပွဲစဉ်များ၊ အကြိုဗိုလ်လုပွဲစဉ်များ ယှဉ်ပြိုင်ခဲ့ပြီး ဗိုလ်လုပွဲစဉ်သို့ အ.ထ.က မြို့လှနှင့် အ.ထ.က ဆွာအသင်းတို့ တက်ရောက်ယှဉ်ပြိုင်ကစားကြရာ အ.ထ.က မြို့လှအသင်းမှ အ.ထ.က ဆွာအသင်းကို (၅-ဝ) ဂိုးဖြင့်အနိုင်ရရှိခဲ့ပြီး ပထမဆုရရှိသည်။

ထို့နောက် ဆုချီးမြှင့်ခြင်းအခမ်းအနားကိုကျင်းပရာ ပထမဆုရရှိသော မြို့လှအသင်းအား ရေတာရှည်မြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဥက္ကာသန်းမှ ဆုချီးမြှင့်ပြီး ဒုတိယဆုရရှိသော ဆွာအသင်းအား မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်(၁) ဗိုလ်မှူးသန့်ဇင်ဝေမှ ဆုချီးမြှင့်ခဲ့ကာ အားကစားနှင့်ကာယပညာဦးစီးဌာနမှ တာဝန်ရှိသူများက ပွဲစဉ်တစ်လျှောက် အကောင်းဆုံးကစားသမားဆု၊ ရှေ့တန်း၊ အလယ်တန်း၊ နောက်တန်း၊ ဂိုးသမားအကောင်းဆုံးဆု စသည်ဖြင့် ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။

မြို့နယ် (ပြန်/ ဆက်)