လွိုင်ကော် စက်တင်ဘာ ၂၁
ကယားပြည်နယ်အစိုးရအဖွဲ့အနေဖြင့် စိမ်းလန်းသောမြို့၊ သန့်ရှင်းသောမြို့များဖြစ်စေရေး အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ယမန်နေ့နံနက်က ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်သည် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ လိုက်ပါလျက် လွိုင်ကော်မြို့၊ ကျောင်းထိုင်ဘုန်းကြီးသင်တန်းကျောင်းသို့သွားရောက်ကာ စုပေါင်းသန့်ရှင်းဆောင်ရွက်နေမှုကို ကြည့်ရှုအားပေးခဲ့သည်။
ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် (၆၁)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပြည်နယ်ရဲတပ်ဖွဲ့ဝင်များက ကျောင်းထိုင်ဘုန်းကြီးသင်တန်းကျောင်းတိုက် ပရဝဏ်အတွင်း ကုသိုလ်ပြု စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ပေးနေမှုနှင့် နယ်မြေခံတပ်ရင်း တပ်ဖွဲ့များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ပြည်သူများက ပါဝင်ကုသိုလ်ပြု သန့်ရှင်းရေးဆောင်ရွက်ပေးနေမှုကို လှည့်လည်ကြည့်ရှုအားပေးပြီး ရင်းရင်းနှီးနှီး နှုတ်ဆက်စကားပြောကြားသည်။
ထို့နောက် ကျောင်းတိုက်အတွင်း တည်ထားလျက်ရှိသည့် အေးချမ်းအောင်မြင်စေတီတော်အား လုံးတော်ပြည့် ရွှေဆေးပြန်လည်ကပ်လှူပူဇော်နိုင်ရေး၊ ခေါင်းလောင်းစင်၊ ကမ္ပည်းကျောက်စာတိုင်တို့အား မူလလက်ရာမပျက် ပြန်လည်ပြုပြင်နိုင်ရေးနှင့် ရင်ပြင်တော် ဆေးသုတ်ပြုပြင်နိုင်ရေး ဆောင်ရွက်ရန်လိုအပ်သည့်အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား လုပ်ငန်းများအကောင်အထည်ဖော်ဆောင်ရွက်ရန် လိုအပ်သည်များ မှာကြားသည်။ ဆက်လက်၍ ပြည်နယ်အစိုးရအဖွဲ့ရန်ပုံဖြင့် သဓမ္မဇောတိကဓဇသိမ်တော် ကွန်ကရစ်ခင်းခြင်းဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်မှုများကို ရှင်းလင်းတင်ပြကြသည်။ ပြည်နယ်ဝန်ကြီးချုပ်က လုပ်ငန်းများ သတ်မှတ်အရည်အသွေးပြည့်မီစွာဖြင့် အချိန်မီပြီးစီးအောင် စနစ်တကျဆောင်ရွက်ရန် တာဝန်ရှိသူများအား မှာကြားခဲ့ကြောင်း သိရသည်။
ပြည်နယ် (ပြန်/ဆက်)