စစ်ကိုင်းမြို့တွင်(၆၁)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် စုပေါင်းသွေးလှူဒါန်းပွဲ ကျင်းပ

စစ်ကိုင်း စက်တင်ဘာ ၂၁

အောက်တိုဘာလ ၁ ရက်နေ့တွင် ကျရောက်မည့် (၆၁)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စစ်ကိုင်းခရိုင်နှင့် မြို့နယ်ရဲတပ်ဖွဲ့ဝင်များမှ စုပေါင်းသွေးလှူဒါန်းပွဲ အခမ်းအနားကို စစ်ကိုင်းမြို့ ကုတင်(၂၀၀)ဆံ့ ပြည်သူ့ဆေးရုံကြီးတွင် ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ ဒုတိယတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး ယာယီရဲမှူးကြီး သိန်းဝင်း၊ စစ်ကိုင်းခရိုင် ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီး ကျော်ညွန့်၊ ဒုခရိုင်ရဲတပ်ဖွဲ့မှူး ရဲမှူး တာဇံ၊ ခရိုင်အကူလုံခြုံရေး ဒုတပ်ခွဲမှူး ဒုရဲမှူး ဆန်းလွင်၊ စစ်ကိုင်းမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး ဇော်ဇော်ထွေး၊ အမှတ်(၁၀၆) ယာဉ်ထိန်းတပ်ဖွဲ့စုမှူး ဒုရဲမှူး ကျော်စိုးလွင်နှင့် တပ်ဖွဲ့ဝင်အင်အား(၅၀)ဦး၊ စစ်ကိုင်းခရိုင် မိသားစု စည်းရုံးရေးနှင့် စည်းကမ်းထိန်းသိမ်းရေးကော်မတီ ဒုဥက္ကဋ္ဌ ဒေါ်ဇင်မာဦး နှင့် မိသားစုဝင်(၂၀)ဦး၊ စုစုပေါင်း အင်အား(၇၀)ဦးတက်ရောက်ခဲ့သည်။

 အခမ်းအနားတွင် ခရိုင်ဆေးရုံအုပ်ကြီး ဒေါက်တာ မြင့်ကျော်မှ သွေးလှူဒါန်းခြင်းဖြင့် အသက်ကယ်ခြင်းနှင့် ကျန်းမာရေး အကျိုးကျေးဇူး ရရှိခြင်းအကြောင်း၊ ယာယီရဲမှူးကြီး သိန်းဝင်းမှ သွေးလှူခြင်းဖြင့် ကုသိုလ်ကောင်းမှု အကျိုးကျေးဇူးများ ရရှိခြင်းနှင့် စစ်ကိုင်း ခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီး ကျော်ညွန့်မှ သွေးလှူဒါန်းခြင်းသည် ပြည်သူ့အကျိုးပြုလုပ်ငန်းများ ဆောင်ရွက်ခြင်းဖြစ်ကြောင်းတို့အား အသီးသီးပြောကြားခဲ့သည်။

အဆိုပါ သွေးလှူဒါန်းပွဲတွင် ရဲတပ်ဖွဲ့ဝင်(၂၅)ဦး၊ စာရေးဝန်ထမ်း (၁)ဦး၊ မိသားစုဝင်(၁)ဦး စုစုပေါင်း(၂၇)ဦးတို့မှ စုပေါင်းသွေးလှူဒါန်းခဲ့ကြကြောင်း သိရသည်။

နေလင်းအောင်(ပြန်/ဆက်)