ငါးသိုင်းချောင်းမြို့တွင် ပုသိမ်ခရိုင် ပြည်သူ့ဆေးရုံမှ အထူးကုဆရာဝန်ကြီးများ (အခမဲ့)ကွင်းဆင်း ဆေးကုသမှုပြုလုပ်

ငါးသိုင်းချောင်း စက်တင်ဘာ ၂၁

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၏ဦးဆောင်မှု၊ ဧရာဝတီတိုင်းဒေသကြီးကုသရေးဦးစီးဌာန၏ အစီအစဉ်ဖြင့် ပုသိမ်ခရိုင် ပြည်သူ့ဆေးရုံ၊ ပုသိမ်ခရိုင် ကျန်းမာရေးဦးစီးဌာနနှင့် ငါးသိုင်းချောင်းမြို့ ကျန်းမာရေးဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်သော ပုသိမ်ခရိုင် ပြည်သူ့ဆေးရုံမှ အထူးကုဆရာဝန်ကြီးများ (အခမဲ့) ကွင်းဆင်းဆေးကုသမှုကို စက်တင်ဘာ ၂၁ နံနက်ပိုင်းက ငါးသိုင်းချောင်းမြို့၊ ပြည်သူ့ဆေးရုံ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ထိုသို့ အခမဲ့ကွင်းဆင်းဆေးကုသရာသို့ ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် အဖွဲ့ဝင်များ၊ ခရိုင်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဝင်များက လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပြီး ဆေးကုသမှုခံယူရန် လာရောက်သည့် ပြည်သူများကို အားပေးစကားများ ပြောကြားခဲ့သည်။

ထို့နောက် တာဝန်ကျသူနာပြု ဆရာမများက သွေးပေါင်ချိန်တိုင်းပေးခြင်း၊ ဆီးချိုများ စစ်ဆေးပေးခြင်းများကို ပြုလုပ်ပေးခဲ့ကြပြီး အထူးကုဆရာဝန် (သမားတော်)၊ အထူးကုဆရာဝန် (အရိုး)၊ အထူးကုဆရာဝန်(သွား)၊ အထူးကုဆရာဝန်(သားဖွား၊မီးယပ်)၊ အထူးကုဆရာဝန် (ကလေး)၊ အထူးကုဆရာဝန်(မျက်စိ)၊ အထူးကုဆရာဝန် (ခွဲစိတ်)၊ လက်ထောက်ဆရာဝန်(ဆေးပညာ)၊ လက်ထောက်ဆရာဝန် (ဓာတ်မှန်)တို့က လူနာများကို အသေးစိတ်ကုသမှုပြုလုပ်ခဲ့ကြသည်။

ထိုသို့ ဆေးကုသမှုခံယူရာတွင် ငါးသိုင်းချောင်းမြို့ မြို့ပေါ်ရပ်ကွက်ရှိ ပြည်သူများနှင့် ကျေးရွာများ ရှိပြည်သူများ စုစုပေါင်း လူဦးရေ (၁၀၀၀) ခန့် လာရောက်၍ ဆေးကုမှုခံယူခဲ့ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)