မော်လိုက် စက်တင်ဘာ ၂၀
စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်ခရိုင် မော်လိုက်မြို့၌ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ ကျင်းပပြုလုပ်ရာ၌ မဲရုံများတွင် အသုံးပြုမည့် MEVM စက်များအား မဲရုံအဖွဲ့ဝင်များ ကျွမ်းကျင်ပိုင်နိုင်စွာ ကိုင်တွယ်အသုံးပြု ဆောင်ရွက်နိုင်စေရန် ရည်ရွယ်၍ မဲပေးစက်ကိုင်တွယ်အသုံးပြုနည်း ဆင့်ပွားသင်တန်းကို ယနေ့ နံနက် ၉ နာရီ အချိန်က အမှတ် (၃၆၄) ခြေမြန်တပ်ရင်း အောင်ဇေယျခန်းမတွင် ကျင်းပပြုလုပ်ခဲ့ရာ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ခရိုင်ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ရှေးဦးစွာ ခရိုင်အုပ်ချုပ်ရေးမှူး ဦးနေထွန်းအောင်က အဖွင့်အမှာစကား ပြောကြားသည်။ ထို့နောက် ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ခရိုင်ရွေးကောက်ပွဲကာ်မရှင် အရာရှိ ဒေါ်အေးစီတာက သင်တန်းဖွင့်လှစ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် သင်တန်းနည်းပြဆရာများက အီလက်ထရောနစ် မဲပေးစက် ဖွဲ့စည်းတည်ဆောက်ပုံ၊ အီလက်ထရောနစ် မဲပေးစက်များ တပ်ဆင်စစ်ဆေးခြင်း၊ မဲရုံဖွင့်ချိန်တွင် ထိန်းချုပ်စက် ကိုင်တွယ်ခြင်း၊ မဲပေးချိန်တွင် ထိန်းချုပ်စက်ကိုင်တွယ်ခြင်းနှင့် မဲရေတွက်ချိန်တွင် ထိန်း ချုပ်စက်ကိုင်တွယ်ခြင်းစသည့်နည်းလမ်းများကို ရှင်းလင်းပြသခဲ့ပြီး သင်တန်းသား၊ သင်တန်းသူများနှင့်အတူ MEVM မဲပေးစက်အား လက်တွေ့တပ်ဆင်အသုံးပြု ဆောင်ရွက်ခဲ့ကြသည်။
အဆိုပါ သင်တန်းသို့ ရွေးကောက်ပွဲကျင်းပပြုလုပ်ရာ၌ မဲရုံများတွင် တာဝန်ထမ်းဆောင်ကြမည့် မဲရုံမှူး၊ ဒုမဲရုံမှူးနှင့် MEVM မဲပေးစက်ကိုင်တွယ်အသုံးပြုမည့် သင်တန်းသား၊ သင်တန်းသူ စုစုပေါင်း (၆၂)ဦး တက်ရောက်ကြမည်ဖြစ်ပြီး၊ သင်တန်းကာလကို (၂)ရက်ကြာ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။
ကိုထက်(ပြန်/ဆက်)