ဆိပ်ဖြူ စက်တင်ဘာ ၂၀
မကွေးတိုင်းဒေသကြီး ဆိပ်ဖြူမြို့နယ်တွင် တစ်ပိုင်တစ်နိုင်ကျောက်ဖရုံစိုက်ပျိုးမှု အောင်မြင်ဖြစ်ထွန်းပြီး ကျောက်ဖရုံသီးများ အောင်မြင်ဖြစ်ထွန်းပြီး ဈေးကွက်၌ ဈေးကောင်းရရှိကြောင်းသိရသည်။
ဒေသခံပြည်သူများသည် မိမိတို့ပိုင်ဆိုင်သည့် ဥယျာဉ်ခြံမြေနှင့် နေအိမ်အတွင်း မြေလွတ်နေရာများတွင် တစ်ပိုင်တစ်နိုင် ကျောက်ဖရုံကို ကဆုန်လနှင့်နယုန်လတို့တွင် စတင်စိုက်ပျိုးဆောင်ရွက်ကြပြီး ဝါဆိုလနှင့် ဝါခေါင်လတို့တွင် အသီးများ လှိုင်လှိုင်သီးပြီး ၎င်းမှသီတင်းကျွတ်လအထိ ကျောက်ဖရုံသီးများရင့်အောင်ထားရှိကြောင်းသိရသည်။
ဒေသခံပြည်သူများက ကျောက်ဖရုံညွန့်များကို အကြော်၍ စားသောက်ခြင်းနှင့် ဟင်းချိုချက် စားသောက်ခြင်းများကိုလည်းကောင်း၊ ကျောက်ဖရုံသီးများကို အသားဟင်းလျာတစ်ဖြင့် ရောချက်ပြုတ်စားသောက်ခြင်းရှိသည့်အတွက် ဈေးကွက်၌ ကျောက်ဖရုံတစ်ပိုင်တစ်နိုင် စိုက်ပျိုးခြင်းမှ မိသားစုဝင်ငွေရရှိကြောင်း၊ ကျောက်ဖရုံတစ်ရုံလျှင် အသီးအရင့် (၅) လုံးမှ (၁၀) လုံး ခန့်သာထားရှိပြီး နောက်ထွက်ရှိလာသည့်အသီးများကို ဈေးကွက်ဝင်သည်နှင့် အသီးများကို ခူးဆွတ်ရောင်းချကြောင်း၊ ယခင်က ကျောက်ဖရုံသီးအလုံးကြည့်၍ ရောင်းချရခဲ့ပြီး ယခုအခါ၌ ပိဿာချိန်ဖြင့်ရောင်းချရကာ လက်ရှိကျောက်ဖရုံသီး တစ်ပိသာလျှင် (၂၀၀၀) ကျပ်မှ (၂၅၀၀) ကျပ်အထိဈေးရလျက်ရှိကြောင်း၊ စင်မှာအသီးရင့်အောင်ထားရှိသည့် ကျောက်ဖရုံသီးများကို ခူးဆွတ်ပြီး အနံဆိုးကင်းသည့်နေရာနှင့် ထင်းမီးသွေးတို့နှင့်မထိတွေ့အောင် ရေရှည်ထိန်းသိမ်းကာ သိုလှောင်ရောင်းချရပြီး သီတင်းကျွတ် ဘုရား၊ကထိန်ပွဲများရှိသည့်ကာလ၌ ဒေသအစားအစာတစ်မျိုးဖြစ်သည့် ကျောက်ဖရုံချဉ်ကိုပြုလုပ်ရန် သိုလှောင်ထားသည့် ကျောက်ဖရုံသီးများကို ရောင်းချမှုက ပိုမိုဈေးကွက်ရရှိသည့်အတွက် ကျောက်ဖရုံတစ်ပိုင်တစ်နိုင် စိုက်ပျိုးသူများအတွက် အဆင်ပြေကြောင်းပြောကြားသိရှိရသည်။
သူရိန် (ဆိပ်ဖြူ)