မဲဆန္ဒရှင်များ မဲပေးစက်ဖြင့် လွယ်ကူစွာ မဲပေးနိုင်ရေး မဲပေးစက်ဆိုင်ရာ အသိပညာပေးခြင်း၊ လက်တွေ့စမ်းသပ်မဲပေးခြင်း ဆောင်ရွက်

မြို့သစ် စက်တင်ဘာ ၂၀

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ်၊ ဂွေးကုန်းကျေးရွာမှ မဲဆန္ဒရှင်များ လွယ်ကူစွာ မဲပေးနိုင်ရေး မြန်မာအီလက်ထရောနစ် မဲပေးစက်ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်း အခမ်းအနားကို အဆိုပါ ကျေးရွာဘုန်းတော်ကြီးကျောင်းဓမ္မာရုံ၌ ယမန်နေ့က ကျင်းပသည်။

အဆိုပါ အခမ်းအနားတွင် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ ဦးစီးအရာရှိနှင့် ကော်မရှင်အဖွဲ့ခွဲရုံးမှ ဝန်ထမ်းများ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန တာဝန်ရှိသူများ၊ မဲပေးစက်ကိုင်နည်းပြများ၊ ဌာနဆိုင်ရာများ၊ ဂွေးကုန်းကျေးရွာမှ ဒေသခံမဲဆန္ဒရှင် ပြည်သူများ တက်ရောက်ပြီး မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ ဦးစီးအရာရှိက မြန်မာအီလက်ထရောနစ် မဲပေးစက်နှင့် စပ်လျဉ်းသော အကြောင်းအရာများ၊ အီလက်ထရောနစ်မဲပေးစက်အသုံးပြု၍ မဲပေးခြင်း၏ အားသာချက်များအား ရှင်းလင်းပြောကြားပြီး အခမ်းအနားသို့ တက်ရောက်ကြသော မဲဆန္ဒရှင်ပြည်သူများက စုပေါင်း၍ စမ်းသပ်မဲပေးခဲ့သည်။

မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအနေဖြင့် မြန်မာအီလက်ထရောနစ်မဲပေးစက်ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပြီး မြို့သစ်မြို့နယ်တွင်းရှိ မဲဆန္ဒနယ်မြေအသီးသီးမှ မဲဆန္ဒရှင်ပြည်သူများကိုလည်း အသိပညာပေး လုပ်ငန်းများ ဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

သန်းဝင်းထွန်း (ပြန်/ဆက်)