ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ၂၀၂၅-၂၀၂၆ ခုနှစ်၊ နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေ(၁၀၀) ဘီလီယံဖြင့် မိုးစပါးအစီအစဉ်တွင် ပါဝင်ဆောင်ရွက်သည့် ဝယ်ကြိတ်/ သွင်းအားစုများနှင့် တွေ့ဆုံညှိနှိုင်းအစည်းအဝေးတက်ရောက်

ပုသိမ် စက်တင်ဘာ ၂၀

၂၀၂၅-၂၀၂၆ ခုနှစ်၊ နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေ(၁၀၀)ဘီလီယံဖြင့် မိုးစပါးအစီအစဉ်တွင် ပါဝင်ဆောင်ရွက်သည့် ဝယ်ကြိတ်/သွင်းအားစုများနှင့် တွေ့ဆုံညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ပိုင်းက ပုသိမ်မြို့၊ ဧရာရွှေဝါခန်းမတွင် ပြုလုပ်ခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်း၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာများနှင့် ခရိုင်၊မြို့နယ်စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေး လုပ်ငန်းကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌများ၊ ဝယ်ကြိတ်/သွင်းအားစုအဖွဲ့များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ဦးစွာတိုင်းဒေသကြီးဝန်ကြီးချုပ်က“ ယခုနှစ်တွင် သီးနှံစုံပန်းတိုင်အထွက်နှုန်း ရောက်ရှိရေးအတွက် ရည်မှန်းချက်ထားကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း၊  ၂၀၂၂-၂၀၂၃ ခုနှစ်၊ နွေစပါးစိုက်ရာသီမှစ၍ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ (၈၆)ဘီလီယံရရှိခဲ့ပြီး နွေစပါးနှင့် ပဲတီစိမ်းစိုက်ပျိုးရန်အတွက် တောင်သူများထံသို့ သွင်းအားစုများ ထောက်ပံ့ပေးခဲ့ပါကြောင်း၊  သီးနှံစုံပန်းတိုင်အထွက်နှုန်း ရောက်ရှိရေးအတွက် စိုက်တိုးမြှင့်အဖွဲ့များ၊ သွင်းအားစုအဖွဲ့များ၊ တောင်သူကြီးများ စသည့် Supply Chain တစ်ခုလုံးတွင် ပါဝင်ပတ်သက်သူများအားလုံး ပူးပေါင်းဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် သွင်းအားစုများ ထောက်ပံ့ပေးခြင်းကြောင့် သွင်းအားစုများ ရရှိသည့်တောင်သူများအနေဖြင့် သွင်းအားစုနှင့်ညီမျှသည့် သီးနှံများပြန်လည်ပေးသွင်းရန် လိုအပ်မည်ဖြစ်ပါကြောင်း၊ မိုးစပါး(၁)ဧက တင်း(၁၀၀)ထွက်ရှိရေး ရည်မှန်းချက်ထား ဆောင်ရွက် လျက်ရှိရာ အားလုံးပူးပေါင်းဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ တိုင်းဒေသကြီးသည် စိုက်ပျိုးရေး တိုင်းဒေသကြီးဖြစ်သည်နှင့်အညီ ပြည်ပသို့ဆန်တင်ပို့မှု၏ (၆၀)ရာခိုင်နှုန်းကျော်ကို တင်ပို့လျက် ရှိပါကြောင်း၊  စိုက်ပျိုးရေးလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်သည့် စိုက်တိုးမြှင့်အဖွဲ့များ၊ ဝယ်ကြိတ်/ သွင်းအားစုများနှင့် Exporter များအနေဖြင့်လည်း တိုင်းဒေသကြီး၏ ပန်းတိုင်အထွက်နှုန်း ရောက်ရှိရေး၊ ဆန်စပါးအရည်အသွေးကောင်းမွန်ရေး၊ သွင်းအားစုများရရှိသည့် တောင်သူများ အနေဖြင့် သွင်းအားစုနှင့်ညီမျှသည့် သီးနှံများပြန်လည်ပေးသွင်းနိုင်ရေး ဝိုင်းဝန်းကြိုးပမ်းစေလို ကြောင်း၊” အမှာစကားပြောကြားသည်။

ထို့နောက် စိုက်ပျိုးရေးဦးစီးဌာန၊ တိုင်းဦးစီးမှူးက နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် ဆောင်ရွက်သည့် အစီအစဉ်များကို ရှင်းလင်းတင်ပြခြင်းနှင့် စားသုံးသူရေးရာ တိုင်းဦးစီးမှူးက ဆန်စပါးထွက်ရှိမှု အခြေအနေများကို ရှင်းလင်းတင်ပြခြင်းအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်က လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးခဲ့ကြောင်း သိရသည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေး ခန်းမ(၁)တွင်ပြုလုပ်သည့် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေနှင့် အကျုံးမဝင်သည့် တောင်သူများ အတွက် ဓာတ်မြေဩဇာများ ဖြန့်ဖြူးသည့်ကုမ္ပဏီများနှင့်တွေ့ဆုံညှိနှိုင်း အစည်းအဝေးသို့ တက်ရောက်ခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က “နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေနှင့် အကျုံးမဝင်သည့် တောင်သူများအတွက် သွင်းအားစုများပံ့ပိုးပေးအပ်ရာတွင် ဓါတ်မြေသြဇာများ အချိန်မီရောက်ရှိရန်နှင့် တောင်သူများလက်ဝယ်ရောက်ရှိရန် လိုအပ်ပါကြောင်း၊ သီးနှံအထွက်နှုန်း တိုးတက်ရေးအတွက် တာဝန်ရှိသူများမှ မှတ်တမ်းထားရှိပြီး အနီးကပ် ကြီးကြပ်ဆောင်ရွက်ရန် လိုကြောင်း၊ တောင်သူများအနေဖြင့် ဓာတ်မြေဩဇာများအား အမှန်တကယ် ထည့်သွင်းသုံးစွဲရန် လိုအပ်မည်ဖြစ်ပါကြောင်း၊ Export Zone ဖော်ဆောင်နိုင်ရန် ဆောင်ရွက်လျက်ရှိပါကြောင်း၊ တောင်သူများ၏ လူမှုအကျိုးစီးပွားတိုးတက်ကောင်းမွန်ရေး တာဝန်ရှိသူများမှ ဝိုင်းဝန်းကြိုးစား ဆောင်ရွက်ရန်လိုကြောင်း" အမှာစကားပြောကြား ခဲ့သည်။

ထို့နောက် မြန်မာနိုင်ငံမြေဩဇာ၊ မျိုးစေ့နှင့် စိုက်ပျိုးရေးဆေးလုပ်ငန်းရှင်များ အသင်းကိုယ်စား တာဝန်ရှိသူတစ်ဦးက ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ခရိုင်(၈)ခရိုင်၊ မြို့နယ်(၂၆)မြို့နယ်တွင် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေနှင့် အကျုံးမဝင်သည့် တောင်သူများအတွက် သွင်းအားစုများ ပံ့ပိုးပေးအပ်မှု အခြေအနေများကိုလည်းကောင်း၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးက ဓာတ်မြေဩဇာဖြန့်ဖြူးရေးလုပ်ငန်းစဉ်များ၊ ဩဂုတ်လအတွက် ဓာတ်မြေဩဇာများရရှိဖြန့်ဝေမှု၊ တောင်သူများထံ ဓာတ်မြေဩဇာများ ဖြန့်ဖြူးပြီးစီးမှု၊ စက်တင်ဘာလအတွက် ဓာတ်မြေဩဇာလိုအပ်ချက် တင်ပြထားရှိမှုနှင့် ဓာတ်မြေဩဇာဖိုးငွေများ ပြန်လည်ကောက်ခံမည့် အစီအစဉ်များကိုလည်းကောင်း၊ မြန်မာ့စီးပွားရေးဘဏ်၊ တိုင်းဒေသကြီး မန်နေဂျာက ဓါတ်မြေသြဇာဖြန့်ဖြူးရောင်းချရန်အတွက် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ တိုက်ရိုက် ထုတ်ချေးမှုအစီအစဉ်များကိုလည်းကောင်း ရှင်းလင်းတင်ပြမှုများနှင့်  အစည်းအဝေးသို့ တက်ရောက် လာကြသူများ၏ အထွေထွေဆွေးနွေး တင်ပြချက်များအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်က ဖြည့်စွက်ဆွေးနွေးခဲ့ပြီး လိုအပ်သည်များ ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။

လှမင်းထွဋ်(ပြန်/ဆက်)