ပုသိမ် စက်တင်ဘာ ၂၀
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့က ကြီးမှူးကျင်းပသော ၂၀၂၅ ခုနှစ်၊ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဖလား “ရွှေကြာသင်္ကန်းရက်ကန်းရက်ပြိုင်ပွဲ”ကို စက်တင်ဘာလ (၁၈)ရက်နေ့နံနက်ပိုင်းက ပုသိမ်မြို့၊ ရွှေမုဋ္ဌောစေတီတော်မြတ်ကြီး၏ ရင်ပြင်တော်တွင်ကျင်းပခဲ့ရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် ဇနီး၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ နှင့် ၎င်းတို့၏ ဇနီးများ၊ ဌာနဆိုင်ရာများ၊ ပြိုင်ပွဲဝင်အသင်းများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ရွှေမုဋ္ဌောမဟာစေတီတော်မြတ်ကြီး ဦးမောင်ကြီး အာရုံခံတန်ဆောင်းတွင် ပန်း၊ ရေချမ်း၊ ဆီမီးများ ဆက်ကပ်လှူဒါန်းခဲ့ပြီးနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က “ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ မာရဝိဇယဗုဒ္ဓဥယျာဉ်တော်အတွင်း ကျင်းပမည့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တန်ဆောင်တိုင်ပွဲတော်မသိုးရွှေကြာသင်္ကန်း ရက်လုပ်ပူဇော် ပြိုင်ပွဲသို့ တိုင်းဒေသကြီးကိုယ်စားပြုအသင်းအဆင့်မီ ပါဝင်ယှဉ်ပြိုင်နိုင်ရေး “ရွှေကြာသင်္ကန်း ရက်ကန်းရက်ပြိုင်ပွဲ”ကို ကျင်းပခြင်းဖြစ်ပါကြောင်း၊ ရွေးချယ်ခံရသူများကိုစခန်းသွင်းလေ့ကျင့်ပေးပြီး တိုင်းဒေသကြီးအတွက် ဂုဏ်ဆောင်ပေးကြရန် မှာကြားလိုပါကြောင်း၊ ဒိုင်အဖွဲ့ကလည်း စနစ်တကျ ရွေးချယ်ရန်လိုပါကြောင်းနှင့် ပြိုင်ပွဲဝင်များကလည်း ကြိုးစားယှဉ်ပြိုင်သွားကြစေလိုကြောင်း” အမှာစကား ပြောကြားသည်။
ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များသည် ပုသိမ်ခရိုင် ကိုယ်စားပြု ခတ္တာစင်တော်၊ ရေကြည်မြို့နယ်ကိုယ်စားပြု အင်ကြင်းစင်တော်၊ မြန်အောင်ခရိုင် ကိုယ်စားပြု စံပယ်စင်တော်၊ မြောင်းမြခရိုင်ကိုယ်စားပြု ကံ့ကော်စင်တော်၊ ဟင်္သာတခရိုင် ကိုယ်စားပြု ဇလပ်စင်တော်၊ ဖျာပုံခရိုင်ကိုယ်စားပြု ပိတောက်စင်တော်၊ ကျုံပျော်ခရိုင် ကိုယ်စားပြု ဒေါနစင် တော်တို့၏ ယှဉ်ပြိုင်နေမှုများကို ကြည့်ရှုအားပေးခဲ့သည်။
ထို့နောက် ဆုချီးမြှင့်ပွဲအခမ်းအနားကို ဆက်လက်ပြုလုပ်ရာ နှစ်သိမ့်ဆုရရှိသော အသင်းများအား ဂုဏ်ပြုချီးမြှင့်ငွေနှင့် ဂုဏ်ပြုမှတ်တမ်းလွှာကို တိုင်းဒေသကြီးဝန်ကြီးချုပ်၏ဇနီးကလည်းကောင်း၊ ပထမ၊ ဒုတိယနှင့် တတိယဆုရရှိသောအသင်းများအား ဂုဏ်ပြုချီးမြှင့်ငွေ၊ ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဆုဖလားကို တိုင်းဒေသကြီးဝန်ကြီးချုပ်ကလည်းကောင်း ဆုများချီးမြှင့်ခဲ့သည်။ ယင်းနောက် တိုင်းဒေသကြီးဝန်ကြီး ချုပ်နှင့်ဇနီးတို့သည် ရက်လုပ်ပြီးသော ရွှေကြာသင်္ကန်းများအား ဝိနည်းတော်နှင့်အညီ ချုပ်လုပ်နေမှုကို ကြည့်ရှုခဲ့ကြောင်း သိရသည်။
လှမင်းထွဋ်(ပြန်/ဆက်)