သဲကုန်း စက်တင်ဘာ ၂၀
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်အတွင်းရှိ မဲဆန္ဒရှင် ပြည်သူများအား မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ကိုင်တွယ်အသုံးပြုနည်း အသိပညာပေးခြင်း ဟောပြောပွဲနှင့် လက်တွေ့စမ်းသပ်ဆန္ဒမဲပေးခြင်းလုပ်ငန်းကို ယမန်နေ့က သဲကုန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးယဉ်ထွေးက အဖွင့်အမှာစကား ပြောကြားပြီး မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ ဦးစီးအရာရှိ ဒေါ်သူဇာခင်က မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ဖြင့် ဆန္ဒမဲပေးခြင်း လုပ်ငန်းအဆင့်ဆင့်၊ အကျိုးကျေးဇူးများကို မဲဆန္ဒရှင်ပြည်သူများအား ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် အခမ်းအနားသို့ တက်ရောက်လာကြသော ဌာနဆိုင်ရာ ဝန်ထမ်းများ၊ ရပ်ကွက်နှင့် ကျေးရွာအုပ်စုများမှ မဲဆန္ဒရှင် ပြည်သူများက မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ဖြင့် တစ်ဦးချင်း လက်တွေ့စမ်းသပ်သရုပ်ပြ ဆန္ဒမဲပေးခြင်း ဆောင်ရွက်ကြရာ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်ရွေးကောက်ပွဲကော်မရှင် ဦးစီးအရာရှိနှင့် ဝန်ထမ်းများက စနစ်တကျ ကြီးကြပ်၍ ရှင်းလင်းသရုပ်ပြသဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ကိုကျော် (ပြန်/ဆက်)