ညောင်လေးပင်မြို့နယ် အ.လ.ကခွဲ(ရေကျော်လေး)ကျောင်း၌ လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကျင်းပ

ညောင်လေးပင် စက်တင်ဘာ ၂၀

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ညောင်လေးပင်မြို့၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတ ရရှိစေရန်ရည်ရွယ်၍ လူငယ်ရေးရာအသိပညာပေး ဟောပြောခြင်းနှင့် နံရံကပ်စာစောင်ပြပွဲ ဆောင်ရွက်ခြင်းတို့ကို ယနေ့မွန်းလွဲ (၁၃)နာရီက ညောင်လေးပင်မြို့နယ် ရေကျော်လေး အခြေခံပညာအလယ်တန်းကျောင်းခွဲ ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ အခြေခံပညာအလယ်တန်းကျောင်းခွဲ ရေကျော်လေးကျောင်းမှ ကျောင်းအုပ် ဆရာကြီးက အဖွင့်အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်နီနီဝင်းက ကျောင်းသား၊ ကျောင်းသူများအား စာဖတ်ခြင်းဖြင့်ရရှိနိုင်သော အကျိုးကျေးဇူးများ၊ မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေးနှင့် လူကုန်ကူးမှုအန္တရာယ် အကြောင်းတို့နှင့်ပတ်သက်၍ လူငယ်ရေးရာအသိပညာပေး အကြောင်းအရာများကို အကျယ်တဝင့် ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ကျောင်းသား၊ ကျောင်းသူများအား အသိပညာဗဟုသုတရရှိစေမည့် စာအုပ်စာစောင်များကို ဖတ်ရှုစေခြင်း၊ လူငယ်ရေးရာ အသိပညာပေးနံရံကပ်စာစောင်၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေး နံရံကပ်စာစောင်၊ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး နံရံကပ်စာစောင်၊ မူးယစ်ဆေးဝါးအသိပညာပေး နံရံကပ်စာစောင်နှင့် ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေး နံရံကပ်စာစောင်များပြသခြင်းတို့ ဆောင်ရွက်ခဲ့ရာ ကျောင်းသား၊ ကျောင်းသူများမှ စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုမှတ်သားခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)