ပွင့်ဖြူမြို့၌ ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် ကျင်းပ

ပွင့်ဖြူ စက်တင်ဘာ ၁၉

ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်စေရန်၊ ကျောင်းသား ကျောင်းသူများ စာအုပ်စာပေကို လေ့လာဖတ်ရှုနိုင်စေရန်နှင့် စာပေလေ့လာဖတ်ရှုခြင်းမှရရှိသော အသိပညာဗဟုသုတများကို ပြန်လည်အသုံးချမျှဝေနိုင်စေရန်ရည်ရွယ်၍ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသော ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲအချိန်က မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့ အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်မုခ်ဦးအား မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင်၊ မြန်မာနိုင်ငံစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးပူးပေါင်းဆောင်ရွက်မှုကော်မတီအတွင်းရေးမှူး ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲတင့်၊ မကွေးတိုင်းဒေသကြီး စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်မှုအကောင်အထည်ဖော်ရေးကော်မတီဥက္ကဋ္ဌ လူမှုရေးရာဝန်ကြီး ဦးမျိုးမြင့်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး ပါဝင်ကူညီခဲ့သည့် အ.ထ.က(ပွင့်ဖြူ)မှ Fitness Dance အဖွဲ့ကို တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဒုတိယဝန်ကြီးတို့က ဂုဏ်ပြုချီးမြှင့်ငွေများပေးအပ်ကာ တက်ရောက်လာကြသူများနှင့်အတူ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးခဲ့ကြသည်။

ဆက်လက်၍ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်၊ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲတင့်နှင့် တာဝန်ရှိသူများက ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်တွင် ထည့်သွင်းကျင်းပသော ကာယ၊ ဉာဏ စွမ်းရည်ပြိုင်ပွဲများဖြစ်သည့် ဆေးရောင်ခြယ်၊ စကားပုံဆက်၊ အရုပ်ဆက်၊ ခါးကွင်းလှည့်၊ အရုပ်ကွင်းစွပ်၊ ဘောလုံးဂိုးသွင်း၊ ဆန်ကောရွက် စသည့် ကစားနည်းပြိုင်ပွဲမျိုးစုံ ကျင်းပနေမှုနှင့် အေးချမ်းပျော်ရွှင်စွာယှဉ်ပြိုင်နေမှုများကို ကြည့်ရှုအားပေးကာ ပွဲတော်အတွင်း ပါဝင်ဆင်နွှဲခဲ့ကြသည့် ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုလက်ဆောင်များပေးအပ်ခဲ့ပြီးနောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် လှပသာယာ ပြည်မြန်မာ ရောင်စုံဓာတ်ပုံပြခန်းနှင့် လူငယ်ရေးရာအသိပညာပေးလှုပ်ရှားဆောင်ရွက်မှုပြခန်း၊ ဌာနဆိုင်ရာပြခန်းများနှင့် စာအုပ်အရောင်းဆိုင်များကို လှည့်လည်ကြည့်ရှုအားပေးသည်။

ထိုနောက် အခမ်းအနား ဒုတိယပိုင်းအစီအစဉ်ကို အဆိုပါကျောင်းခန်းမ၌ ကျင်းပရာ ပွင့်ဖြူမြို့ အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသားကျောင်းသူများက အလှဆုံးပန်းများ ပွင့်ကြပြီ” တေးသီချင်းဖြင့် သီဆိုဖွင့်လှစ်သည်။

ဆက်လက်ပြီး အခမ်းအနားတွင် မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်က အမှာစကားပြောကြားရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ ချမှတ်ထားသော နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးဦးတည်ချက် (၉)ရပ်အနက် လူမှုရေးဦးတည်ချက်ထဲတွင် နိုင်ငံ၏ဖွံ့ဖြိုးတိုး တက်မှုလုပ်ငန်းစဉ်များ၌ လူငယ်များအနေဖြင့် အဓိကစွမ်းအားစုအဖြစ်ပါဝင်စေရေး ဗလငါးတန်နှင့် ပြည့်စုံသော လူငယ်များဖြစ်လာစေရန် လူငယ်ကဏ္ဍကိုမြှင့်တင်ဆောင်ရွက်ရေး” ဆိုသည့် အချက်ပါဝင်ပြီး ကျောင်းသားလူငယ်များနှင့် တိုက်ရိုက်သက်ဆိုင်သော ဦးတည်ချက်တစ်ခုဖြစ်ပါကြောင်း၊ ကျောင်းသားလူငယ်များ ပညာဗဟုသုတပြည့်စုံကြွယ်ဝရေးအတွက် အလွယ်ကူဆုံးနှင့် အထိရောက်ဆုံးဆောင်ရွက်နိုင်သည့် ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးလုပ်ငန်းများကို စဉ်ဆက်မပြတ် အရှိန်အဟုန်ဖြင့် ဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း၊ နိုင်ငံတော်မှ တန်ဖိုးထားရသော အနာဂတ်လူငယ်များအနေဖြင့် ဗလငါးတန်နှင့်ပြည့်စုံပြီး အသိပညာဗဟုသုတများတိုးပွားစေရန် စာအုပ်၊ စာပေကောင်းများကို လေ့လာ၊ ဖတ်ရှု၊ မှတ်သားကြရမှာဖြစ်သည့်အတွက် စာအုပ်၊ စာပေကောင်းများကို အမြဲလေ့လာဖတ်ရှုနိုင်ရန် ကျောင်းစာကြည့်တိုက်များ ရှင်သန်ဖွံ့ဖြိုးတိုးတက်ရန်လိုအပ်ပါကြောင်း၊ စာအုပ်၊ စာပေဆိုသည်မှာ မည်မျှပင် ကာလကြာရှည်က ထုတ်ဝေခဲ့သည်ဖြစ်စေ မဖတ်ရ၊ မလေ့လာရသေးပါက အသစ်ပဲဖြစ်ပါကြောင်း၊ စာဖတ်ခြင်း၏ အကျိုးကျေးဇူးနှင့်ပတ်သက်ပြီး နိုင်ငံတော်အကြီးအကဲက စာမတတ်သူသည် ထိုင်နေသည့် လူနှင့်တူပြီး  စာတတ်ပြီး စာမဖတ်သူသည်  ရပ်နေသည့်လူနှင့်တူကြောင်း၊ စာတတ်ပြီး  စာလည်းဖတ်သူမှာ လမ်းလျှောက်နေသူနှင့် တူကြောင်း”ကိုလည်း လူငယ်များကို တိုက်တွန်းမှာကြားခဲ့ပါကြောင်း၊ ထို့ကြောင့် နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်နှင့်အညီ ယခုလို ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြင့်တင်ရေးပွဲတော်ကို ၂၀၂၄ ခုနှစ်မှ စတင်ကာ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကျင်းပခဲ့ပါကြောင်း စသည်ဖြင့် ပြောကြားသည်။ ဆက်လက်ပြီး ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲတင့်က စာပေပသိပညာကြွယ်‌ဝစေရေး “စာဖတ်ခြင်း၏ အကျိုး ကျေးဇူး” ခေါင်းစဉ်ဖြင့် အမှာစကားပြောကြားခဲ့သည်။

ဆက်လက်၍ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်၊ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲတင့်နှင့် တာဝန်ရှိသူများက ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်အတွင်း ထည့်သွင်းကျင်းပသော အခြေခံပညာအထက်တန်းအဆင့် ကျပန်းစကားပြောပြိုင်ပွဲ၊ အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲ၊ မူလတန်းအဆင့် ပုံပြင်ပြောပြိုင်ပွဲတို့တွင် ဆုရရှိသော ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ခြင်း၊ အဆိုပါပွဲတော်၌ အထူးအစီအစဉ်တစ်ရပ်အဖြစ် ကျင်းခဲ့ပသော “အမြဲမပြတ်လေ့လာ သင်ယူရေးစကားဝိုင်း (Never Stop Learning Talk Show)”တွင် စာရေးဆရာမ ခင်ဆွေဦးရေးသားသော “အင်ကြင်းရဂုံ” စာအုပ်အား ပါဝင်ဆွေးနွေးခဲ့ကြသည့် ကျောင်းသား၊ ကျောင်းသူများကို မကွေးတိုင်းဒေသကြီး စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်မှုအကောင်အထည်ဖော်ရေးကော်မတီဥက္ကဋ္ဌ လူမှုရေးရာဝန်ကြီး ဦးမျိုးမြင့်က ဂုဏ်ပြုချီးမြှင့်ငွေပေးအပ်ခြင်းများဆောင်ရွက်ခဲ့ပြီးနောက် တက်ရောက်လာကြသူများက ပြိုင်ပွဲဝင် ဆုရကျောင်းသား၊ ကျောင်းသူများနှင့် ဖျော်ဖြေရေးအဖွဲ့ ကျောင်းသား၊ ကျောင်းသူလေးများ၏ ဧည့်ခံဖျော်ဖြေတင်ဆက်မှုများကို ကြည့်ရှုအားပေးပြီး တာဝန်ရှိသူများက ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ခဲ့သည်။

ပွင့်ဖြူမြို့ အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပသော ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်တွင် အခြေခံပညာအဆင့် ကာယ၊ ဉာဏ စွမ်းရည်ပြိုင်ပွဲများ၊ အမြဲမပြတ်လေ့လာသင်ယူရေးစကားဝိုင်းများအပြင် ဌာနဆိုင်ရာပြခန်းများ၊ စာအုပ်အရောင်းဆိုင်များဖြင့် စက်တင်ဘာ ၁၈ ရက်မှ ၁၉ ရက်နေ့အထိ နှစ်ရက်တိုင်တိုင်  စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ရာ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများ၊ ကျောင်းသား မိဘများနှင့် ဒေသခံပြည်သူ စုစုပေါင်းအင်အား (၁၅၀၀)ကျော်က ပျော်ရွှင်စွာ လာရောက်ပါဝင်ဆင်နွှဲခဲ့ကြောင်း သိရသည်။

မောင်မောင်(မင်းဘူး)