ကလိန်အောင် စက်တင်ဘာ ၁၉
တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင် ကလိန်အောင်မြို့၊ အမှတ် (၃) ရပ်ကွက်၊ အခြေခံပညာအထက်တန်းကျောင်းရှိ ပညာရတနာခန်းမ၌ မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် ပညာရေးဌာနတို့ ပူးပေါင်း၍ ကျောင်းသား/ကျောင်းသူများ သိရှိနားလည်စေရန်အတွက် စက်တင်ဘာ ၁၉ ရက်နေ့ နံနက် ၁၀ နာရီက လူကုန်ကူးမှုတိုက်ဖျက်ရေးနှင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အန္တရာယ်ကင်းရှင်းရေး အသိပညာပေး ဟောပြောပွဲကျင်းပပြုလုပ်ခဲ့သည်။
ဟောပြောပွဲတွင် ကလိန်အောင်မြို့ အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်ရီရီဝင်းက အဖွင့်အမှာစကားပြောကြားပြီး၊ အမှတ်(၁၀)လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့စု (ထားဝယ်) မှ ရဲအုပ် သန်းဇော်မှ လူကုန်ကူးခြင်းသည် လူ့အခွင့်အရေးချိုးဖောက်မှုနှင့် လူသားချင်းဆိုင်ရာ ဂုဏ်သိက္ခာကို ထိခိုက်စေသည်ဟု သတ်မှတ်ကြကြောင်း၊ လူကုန်ကူးမှုဆိုတဲ့ အဓိပ္ပာယ်ကို အကြမ်းဖျင်းရှင်းလင်းချက်ကတော့ မိမိအကျိုးစီးပွားတစ်ခုအတွက် လူသားများ၏ ကိုယ်ကာယလုပ်အားကို လူသား အချင်းချင်း ခေါင်းပုံဖြတ် အမြတ်ထုတ်ရယူခြင်းနှင့် လူကုန်ကူးခံရသော အလုပ်သမားများအား အတင်းအကျပ် ထိန်းချုပ်ကာ လုပ်အားခမပေးဘဲ အနည်းငယ်မျှသာပေး၍ အလုပ်ခိုင်းစေခြင်း စသည့်အကြောင်းအရာများနှင့် လူကုန်ကူးခံရမူ ဖြစ်ပေါ်လာပုံအဆင့်ဆင့်အကြောင်းနှင့် လူကုန်ကူးတားဆီးနှိမ်နင်းရေး ဉပဒေပြစ်မှု၊ ပြစ်ဒဏ်များအကြောင်း၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေးဆိုင်ရာ အချက်များကို သိရှိနားလည်စေရန် လိုက်နာရမည့်အချက်များ၊ ရှောင်ရှားရမည့်အချက်များအကြောင်းကို ရှင်းလင်းပြောကြားသည်။
ထို့နောက် ကလိန်အောင်မြို့ နယ်မြေရဲစခန်းမှ စခန်းမှူး ရဲအုပ်၀င်းဗိုလ်မှ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အန္တရာယ်ကင်းရှင်းရေးအတွက် လိုက်နာရမည့်အကြောင်းအရာတို့ကို ပရိုဂျက်တာဖြင့် ပြသ၍ အသိပညာပေး ဟောပြောခဲသည်။
အဆိုပါ အခမ်းအနားသို့ ကလိန်အောင်မြို့ နယ်မြေရဲစခန်းမှ စခန်းမှူး ရဲအုပ်၀င်းဗိုလ် ထားဝယ်မြို့ အမှတ် (၁၀) လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စုမှ ရဲအုပ်သန်းဇော်၊ ကျောင်းအုပ်ဆရာမကြီး ဒေါ်ရီရီဝင်းနှင့် ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများ စုစုပေါင်း (၄၅၀) ဦးခန့် တက်ရောက်ကြကြောင်း သိရသည်။
ကလိန်အောင်(ပြန်/ဆက်)