ကြံခင်း စက်တင်ဘာလ ၁၈
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့၊ အ.မ.က (မဲကုန်း) ကျောင်း၌ စာဖတ်ရှိန်မြှင့် တင်ရေး အသိပညာပေးဟောပြောပွဲကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ယမန်နေ့မွန်းလွဲပိုင်းက အဆိုပါကျောင်းရှိခန်းမ၌ပြုလုပ်ခဲ့ရာ ဆရာ၊ ဆရာမများနှင့် ကျောင်းသား ကျောင်းသူ ၅၀ ဦးတက်ရောက်ခဲ့သည်။
စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲတွင် အ.မ.က (မဲကုန်း) ကျောင်း ကျောင်းအုပ်ဆရာကြီး ဦးမျိုးကျော်သူက အဖွင့်အမှာစကားပြောကြားပြီး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ခင်မိုးမြင့်က သားငယ်သမီးငယ်များအား လူတော်လူကောင်းများဖြစ်ပေါ်လာစေရန်၊ အပြောစွမ်းရည် မြင့်မားလာစေရန်၊ ဆွေးနွေးပြောဆိုတတ်သည့်အလေ့အကျင့် ကောင်းများရရှိလာစေရန်၊ စာဖတ်ရှိန်မြှင့်မားလာစေရန်နှင့် ကျောင်းသား ကျောင်းသူများ ဗလငါးတန် ပြည့်စုံလာစေရန် စသည့်ရည်ရွယ်ချက်များဖြင့် ပြုလုပ်ပေးရခြင်းဖြစ်ကြောင်း ပြောကြားပြီးနောက် လူငယ်နှင့်ရည်မှန်းချက်ခေါင်းစဉ်ဖြင့် ဟောပြောခဲ့သည်။
ဆက်လက်၍ ဖတ်မှတ်စွမ်းရည်ပြိုင်ပွဲကို ကျင်းပပေးခဲ့ရာ ကျောင်းသား၊ ကျောင်းသူများက ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး ဆုရရှိကြသူအားများ ဦးစီးအရာရှိက အသီးသီး အမှတ်တရလက်ဆောင်များ ချီးမြှင့်ပေးအပ်ခဲ့ကြသည်။ ထို့နောက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ခင်းကျင်းပြသထားသည့် သုတရသစာအုပ်စာစောင်ပြပွဲနှင့် မူးယစ်ဆေးဝါးအသိ ပညာပေးနံရံကပ်စာစောင်များကို ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာဖြင့် လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။
ဖြိုးဝေလင်း(ပြန်/ဆက်)