ငဖဲမြို့နယ်၌ မိုးစပါးစိုက်ဧက ၁၀၃၇၃ ဧက စိုက်ပျိုးပြီးစီး

ငဖဲ စက်တင်ဘာ ၁၉

မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ်၌ ၂၀၂၅ ခုနှစ်တွင် မိုးစပါးစိုက်ပျိုးရန် ၁၀၂၀၀ ဧက လျာထားခဲ့ရာ ယနေ့ထိ မိုးစပါးစိုက်ဧက ၁၀၃၇၃ ဧက စိုက်ပျိုးပြီးစီးပြီး လျာထားချက်ထက် ၁၇၃ ဧက ကျော်လွန်စိုက်ပျိုးနိုင်ခဲ့ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

စိုက်ပျိုးပြီးစီးသည့်စပါးမျိုးကွဲအလိုက် စိုက်ဧကမှာ မနောသုခ ၃၁၁၆ဧက၊ ဆင်းသုခ ၂၆၃၆ ဧက၊ အောင်နိုင်တိုး ၃၅  ဧက၊ ဧရာမင်း  ၄၀၃၀  ဧက၊ ကောက်ညှင်း  ၉၉  ဧက၊ ရတနာတိုး ၂ ဧက နှင့် တောင်ယာ ၄၅၅ ဧက  စုစုပေါင်း  ၁၀၃၇၃ ဧက စိုက်ပျိုးနိုင်ခဲ့ရာကြောင်း၊ အထွက်နှုန်းကောင်းမွန်သည့် ဧရာမင်းစပါးမျိုးများကို ပိုမိုစိုက်ပျိုးကြကြောင်းနှင့် ၂၀၂၄ ခုနှစ်တွင် မိုးစပါ ၁၀၂၀၀ ဧက လျာထားချက်ထက် ကျော်လွန်စိုက်ပျိုးနိုင်ခဲ့ပြီး ရိတ်သိမ်းဧက ၁၀၂၀၀ ဧကတွင် တစ်ဧကအထွက်နှုန်း ၈၄.၅၁ တင်း ထွက်ရှိခဲ့ကြောင်း သိရသည်။

မိုးစပါးစိုက်ပျိုးရန်ရေကို အစိုးရဆည်များဖြစ်သော မန်းချောင်းရေလှောင်တမံဆည်မှ ၃၂၄၀ ဧက၊ ရင်းရှည်ရေလှောင်တမံဆည်မှ  ၅၄၆ ဧက၊ ဆည်ငယ်၊ ကန်ငယ်များမှ ၄၇၁၂  ဧက၊ မိုးကောင်းသောက် ၁၈၇၅ ဧကသို့ စိုက်ပျိုးရေရရှိ၍ စိုက်ပျိုးပြီးစီးခဲ့ပြီး လျာထားချက်ထက် ပိုမိုစိုက်ပျိုးနိုင်ခဲ့ကြောင်း၊ ငဖဲမြို့နယ်အတွင်းရှိ ဒေသခံတောင်သူများ မိုးစပါးစိုက်ပျိုးရာသီတွင် သီးနှံများအောင်မြင်ဖြစ်ထွန်းရေးအတွက်လိုအပ်သော စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများ၊ သွင်းအားစုပစ္စည်းများ၊ မျိုးကောင်းမျိုးသန့်မျိုးစေ့များကူညီ ထောက်ပံ့ပေးခြင်း ဆောင်ရွက်လျက်ရှိပြီး ပိုးမွှားရောဂါများ ကျရောက်မှုမရှိစေရေး ကြိုတင်ကာကွယ်ရေးဆိုင်ရာ နည်းလမ်းများကိုလည်း သက်ဆိုင်ရာဌာနများမှ ကွင်းဝန်ထမ်းများက အနီးကပ်ကြီးကြပ်၍ အသိပညာပေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မယု(ငဖဲ)